မွန်သတင်းအေဂျင်စီ(ဇူလိုင် ၁၃)
မိမိကံကြမ္မာမိမိတို့ဖန်တီးနိုင်ရေးအတွက် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံတစ်ခုတည်းကိုသာ အားထားမနေသင့်ဘဲ လာမည့်နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲသွားပေးကြဖို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်းပြောဆိုလိုက်သည်။
“တိုင်းရင်းသားတွေ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်ခွင့်ရှိဖို့ တိုက်ပွဲဝင်တဲ့နေရာမှာ လက်နက်ကိုင်အင်အားစုတစ်ဖက်ထဲနဲ့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး၊ ၂၁ ပင်လုံတစ်ခုထဲနဲ့လည်း ပြီးမြောက်လိမ့်မှာ မဟုတ်ဘူး၊ သက်ဆိုင်ရာပြည်နယ်တွေရဲ့ လွှတ်တော်တွေမှာ သူတို့တိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ်အမတ်ဦးရေများများ တက်ရောက်ဆွေးနွေးပြောဆို စီရင်ဆုံးဖြတ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်၊ ဒါကြောင့် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း အားလုံးမဲသွားပေးကြပါလို့ ကျနော်တို့ တိုက်တွန်းတာပါ” ဟု ဆိုသည်။
လက်ရှိတွင် တိုင်းရင်းသားပါတီအင်အားစုတော်တော်များများ ပေါင်းစည်းလာကြပြီဖြစ်ကြောင်း၊ ထို့အတူ မွန်ပါတီများကလည်း တစ်စုတစ်စည်းတည်း ပေါင်းစည်းလာပြီဖြစ်သည့်အတွက် မွန်တိုင်းရင်းသားများအနေဖြင့် မွန်ပါတီကိုသာ မဲပေးကြလိမ့်မည်ဟုယူဆကြောင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် မွန်ပြည်သစ်သတင်းစဉ်မှ နိုင်ဟံသာက ပြောကြားခဲ့သည်။
“ဆန္ဒမဲပေးကြတဲ့နေရာမှာ မွန်တွေက မွန်ပါတီကိုပဲမဲပေးကြမှာပါ၊ ကျနော်တို့ကလည်း တိုက်တွန်းနှိုးဆော်တယ် မိမိတို့ရဲ့ မွန်ပါတီကိုပဲ မဲပေးကြဖို့ အခြားလူမျိုး အခြားပါတီတွေအပေါ် ဘာမှမျှော်လင့်ချက်မထားပါနဲ့လို့၊ သူတို့အမျိုးသားအကျိုးစီးပွားအတွက်ပဲဖြစ်ပါတယ် ကျနော်တို့မွန်အမျိုးသားအကျိုးအတွက်တော့ မဖြစ်နိုင်ပါဘူး” ဟု နိုင်ဟံသာက ဆိုသည်။
သို့ရာတွင် မွန်လူမျိုးဖြစ်သော်ငြား အခြားပါတီဝင်ရောက်ပြီး ရွေးကောက်ပွဲဝင်ပြိုင်မည့်ပုဂ္ဂိုလ်များကို ထောက်ခံဖို့ မလိုအပ်ကြောင်း၊ ၎င်းတို့ပါတီ၏ အကျိုးစီးပွားအတွက်သာဦးစားပေးဆောင်ရွက်သွားမှာဖြစ်သည့်အတွက် မွန်အမျိုးသားတို့၏ အကျိုးဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထားစရာမလိုကြောင်း ၎င်းကဆက်ပြောသည်။
ထို့အတူ “NLD ကို ဗမာပါတီမဟုတ်ဘူး။ ပြည်ထောင်စုပါတီလို့ပြောကြပါတယ်။ ဦးဆောင်သူတွေနဲ့ ပေါ်လစီရေးဆွဲသူတွေက ဘယ်သူလဲဆိုတာကြည့်ရပါ့မယ်။ အဲ့ဒါရေးဆွဲသူတွေက ဗမာတွေဖြစ်တဲ့အတွက် ဗမာပါတီပါပဲ။ ဒါကြောင့် NLD ကော၊ USDP ကော ဗမာပါတီပါပဲ။ ဒါကြောင့် ဒီပါတီကြီးတွေမှာ ချင်းတွေပါပေမယ့် သူတို့က NLD/USDP ပေါ်လစီရဲ့ ထိန်းချုပ်ဦးဆောင်မှုအောက်မှာပဲ အလုပ်လုပ်နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် လူကတော့ ချင်းဖြစ်ပေမယ့်၊ ဦးနှောက်နဲ့ တွေးတာ၊ လုပ်တာကိုင်တာက ချင်းမဟုတ်တော့ပါဘူး” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၏ အလှည့်ကျ ဥက္ကဌ ပူးငိုင့်ဆာခ် Pu Ngai Sak က Chin World Media နှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
ထို့ကြောင့် မိမိတို့ပါတီကို “ချင်းပါတီ” ဟု ပြောဆိုရခြင်းမှာ ဦးဆောင်သူနှင့် ပေါ်လစီရေးဆွဲသူများက ချင်းလူမျိုးတွေဖြစ်သည့် အတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ကော်မရှင်အဖွဲ့ဝင်များအား တွေ့ဆုံပွဲကို နေပြည်တော်ကျင်းပခဲ့စဉ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လူမျိုးရေး၊ ဘာသာရေး အကြောင်းပြ ဆန္ဒမဲပေးရန်၊ မပေးရန် ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း၊ အားပေးခြင်း၊ လှုံ့ဆော်ခြင်း အချက်အပါအဝင် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို ဥပဒေနှင့်အညီကိုင် တွယ်ကြပ်မတ်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။