spot_img
Saturday, December 7, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးတိုင်းရင်းသားတွေရဲ့ Political Space မဖွင့်ပေးနိုင်ဘူးဆိုရင်တော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က အလုပ်ဖြစ်မှာမဟုတ်ဘူး- ဦးမြအေး (ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု) သုံးသပ်ချက်

    တိုင်းရင်းသားတွေရဲ့ Political Space မဖွင့်ပေးနိုင်ဘူးဆိုရင်တော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က အလုပ်ဖြစ်မှာမဟုတ်ဘူး- ဦးမြအေး (ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု) သုံးသပ်ချက်

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင်-၁)

    ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဗဟိုဦးဆောင်ကော်မတီဝင် ဦးမြအေးနှင့် မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် စိုင်းဦး ဆက်သွယ်မေးမြန်းသည်။

    မေး။   ။ အခုလက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဘယ်လိုအခြေအနေ ရှိနေပါလဲ။

    ဖြေ။   ။ ကျွန်တော်မြင်တာကတော့ လက်ရှိအစိုးရလက်ထက်မှာ ၂၁ ပင်လုံ ညီလာခံ ၃ ကြိမ်လုပ်ခဲ့တယ်။ လက်ရှိအခြေအနေအရ အချက် ၅၁ ချက်ထွက်တယ် ရွေးကောက်ပွဲမတိုင်မီ တစ်ကြိမ်လုပ်ဖို့ ကြိုးစားနေဆဲ အဆင့်ပဲ ရှိနေဆဲအခါကျတော့ ပြောရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်က သောင်မတင်ရေမကျ အခြေအနေလို့ပဲ ရှိသေးတယ်လို့ မြင်တယ် ပီပီပြင်ပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရုပ်လုံးပေါ်လာတဲ့ အခြေအနေမျိုး မမြင်မိသေးဘူး။

    မေး။    ။ တပ်မတော်ကာကွယ်ရေးဦးစီးရုံးက အကြမ်းဖက်သောင်းကြမ်းသူ ရှိတဲ့ဒေသက လွဲလို့ ကျန်ဒေသကို မေလ ၉ ရက်နေ့ကနေ ၃ လ အပစ်ရပ်ထားတယ်လို့ ထုတ်ပြန်ထားတာပေါ့လေ၊ ဒီကြားထဲမှာလည်း KIA. TNLA. KNU တပ်မဟာ ၅၊ RCSS  တို့နဲ့ တိုက်ပွဲက ဖြစ်နေဆဲ ဒီအပေါ်မှာကျတော့ ဘယ်လို သုံးသပ်မိပါလဲ။

    ဖြေ။   ။ ကျွန်တော်မြင်တာကတော့ နှစ်ပိုင်းပေါ်ဗျာ။ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ရဲ့ သဘောထားကတော့ဗျာ တစ်ပြည်လုံးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားစေချင်တဲ့ ဆန္ဒရှိတော့ ကျွန်တော်ကတော့ အပစ်အခတ်ရပ်စဲမှု ကြေညာမှုကို စစ်တိုင်းအလိုက် မသတ်မှတ်ပဲနဲ့ တစ်ပြည်လုံးမှာ အပစ်အခတ်ရပ်စဲရေးတွေ ကြေညာပြီးတော့ လုပ်သွားရင် ပိုကောင်းတယ်လို့ ကျွန်တော်ကတော့ မြင်တယ် အဲလိုလည်း ကျွန်တော်တို့ ဖြစ်စေချင်တယ်ပေါ့နော်။ ဒါတစ်ပိုင်း နောက်ထပ်တစ်ပိုင်းကတော့ KNU တို့ RCSS တို့ ဆိုတာကတော့ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါကျတော့ အသေးစိတ်ညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းလိုက်ရမယ်လို့ ကျွန်တော်ထင်ပါတယ်ဗျ။

    မေး။   ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ Bilateral ထိုးဖို့ ဘာတွေလိုအပ်နေတယ်လို့ မြင်ပါသလဲ။

    ဖြေ။   ။ အဲတာ ကျယ်သွားပြီဗျ၊ အဲတာ ဘာတွေလိုအပ်နေသလဲဆိုတာ ကျွန်တော်က ဘေးကနေ ဖြေတာထက်လေ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ဖြေတာကိုပိုကောင်းတယ်၊ ကျွန်တော်တို့ ပြောလို့ ပေါ်လစီ အတိမ်းအစောင့်ဖြစ်ရင်မကောင်းဘူး၊ ကျွန်တော်မြင်တယ်လေ၊ ကျွန်တော်တို့က ခြံပြီးတော့မှာ သုံးသပ်ရင် ရမှာပေါ့ဗျာ၊ အဓိကတော့ ကျွန်တော်တို့မြင်တာ မြန်မာနိုင်ငံကို တိုင်းရင်းသားတွေ လိုချင်တဲ့ အားလုံးတန်းတူညီမျှမှုရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြင့် အသွင်သဏ္ဍာန်မကူးပြောင်းနိုင်သမျှ ကာလပတ်လုံး မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ သက်ဆိုးရှည်နေအုံးမှာပဲလို့ ကျွန်တော်မြင်တယ်လေ။ နိုင်ငံရေးထွက်ပေါက်တစ်ခုက သေချာတယ်ဗျာ၊ ပြည်ထောင်စု တည်ဆောက်ဖို့လိုမယ်၊ ဒီမိုကရေစီရှင်သန်တဲ့ ပြည်ထောင်စုဖြစ်ရမယ်၊ အဲနှစ်ချက်ကို ကျွန်တော်တို့ သွားနိုင်မှသာလျှင်ရလိမ့်မယ်လို့မြင်တယ်။ အဲတော့ မြောက်ပိုင်းအဖွဲ့တွေ ပါလာအောင်လို့ ဆိုတဲ့နေရာမှာ ရှိပြီးသား NCA နဲ့ပတ်သက်ပြီး သုံးသပ်သင့်တာ သုံးသပ်၊ ကျွန်တော်တို့ ရှေ့ကို ဘယ်လိုသွားမလဲဆိုတဲ့ ဒီငြိမ်းချမ်းရေး ဒီဇိုင်းကို ကျွန်တော်တို့ ရေးဆွဲနိုင်ဖို့ကတော့ အစိုးရမှာ တာဝန်ရှိတယ်လို့ ကျွန်တော်မြင်တယ်လေ။

    မေး။   ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၂၀၂၀ အတွင်းမှာ Bilateral ထိုးဖို့ အလားလာ နည်းပါးသွားပြီလား။

    ဖြေ။   ။ ၂၀၂၀ ထဲမှာ ကျွန်တော်ထင်တယ် မဖြစ်နိုင်တော့ဘူးဆိုတာလေ၊ လတ်တလောအခြေအနေ တိုးတက်လာဖို့က အခုဟာက ငြိမ်းချမ်းရေးညီလာခံက ခေါ်မယ်ပေါ့နော် ထပ်ပြီးတော့ အချက်တွေ ပေါ့ဗျာ၊ နောက်အစိုးရအတွက် လုပ်ကိုင်ဆောင်ရွက်နိုင်မဲ့ အခွင့်အလမ်းကို ဒီဖက်ခေတ်အစိုးရမှာ ရွေးကောက်ပွဲ ပြီးရင် အစိုးရက ပြောင်းသွားတတ်တယ်လေ၊ ဒီထဲမှာ ရှိနေတဲ့အစိုးရက နောက်အစိုးရလက်ထက်မှာ ဆက်ပြီးသွားရနိုင်အောင် Ticket (လက်မှတ်) ထိုးဖို့တော့ လုပ်နေကြတယ်လို့ ကျွန်တော်နားလည်တယ်လေ၊ အဲဒီဟာက ၂၀၂၀ အတွင်းမှာ စောစောကပြောထားသလို မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းရမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျ အဲတာ မဖြစ်နိုင်ပါဘူး။ကျွန်တော် စောစောကပြောသလိုပါပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်မှသာလျှင် ငြိမ်းချမ်းမှာဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမှုတွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ခိုင်ခိုင်မာမာ ထွက်ပေါ်လာတဲ့ အခင်းအကျင်းကို ကျွန်တော်ထင်တယ်ဗျ ရွေးကောက်ပွဲနဲ့ ဘာမှကို လုပ်လို့ မလွယ်တော့ဘူးပေါ့နော် ရွေးကောက်ပွဲပြီးနောက်ပိုင်း နောက်အစိုးရနောက်ပိုင်းအသစ်ပေါ့ဗျာ ၂၀၂၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းကျမှပဲ ဒီကိစ္စတွေကို ဆက်သွားလိုက်ရမယ်လို့ထင်ပါတယ် ဒီကြားထဲလုပ်တဲ့ ငြိမ်းချမ်းရေး ညီလာခံ ဘာတွေချမှတ်မယ်ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူးလေ၊

    မေး။    ။ ၂၁ ရာစုပင်လုံကို ဩဂုတ်လ ဒုတိယအပတ်လောက် ကျင်းပမယ်လို့ ကြားသိရတာပေါ့လေ ဒီအပေါ်မှာရော ဆရာတို့ ဘယ်လို မြင်မိသလဲဗျ။

    ဖြေ။   ။ အခုနားပြောသွားသလိုပဲလေ အဲတာက နောက်အစိုးရမှာ ဆက်လက်လုပ်ကိုင်သွားနိုင်ဖို့အတွက်ကို အခုကတဲ့က သဘောတူညီချက်တချို့ကို ရယူနိုင်ဖို့အတွက် ဒီညီလာခံကို လုပ်မှာလေ အဲလိုနားလည်ထားတယ်၊ လုပ်မယ်ဆိုတဲ့အခါကျတော့ ဒီညီလာခံကို ကျင်းပပြီးတော့မှ မတိုင်ခင်မှာ ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်နေတယ်လို့ ကျွန်တော်တို့ သိထားတယ်၊ မြင်ထားတယ်၊ အဲဆွေးနွေးပွဲတွေရဲ့ သဘောတူညီချက်ကို ညီလာခံမှာ တင်သွင်းပြီးတော့မှ ညီလာခံကနေ အတည်ပြုဆုံးဖြတ်တဲ့ အခြေအနေတစ်ရပ်ကိုတော့ ဖန်တီးယူလိမ့်မယ်လို့တော့ မြင်တယ်၊ ဒါပေမဲ့ ကျွန်တော် ထင်တယ်ဗျ ကျွန်တော်တို့ သွားရမဲ့ ပန်းတိုင်အတွက်တော့ မဟုတ်ဘဲနဲ့ လောလောဆယ် အစိုးရ အကူးအပြောင်းမှာ ဆက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အသက်ဝင်အောင် NCA ကနေတဆင့် တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အသက်ဝင်အောင် ဆက်လက်ပြီး လုပ်ကိုင်ဆောင်ရွက် သွားတဲ့ သဘောမျိုးလို့ပဲ ကျွန်တော်ယူဆပါတယ်။

    မေး။   ။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆုံး အကြုံပြုပေးပါအုန်း။

    ဖြေ။   ။ ကျွန်တော်မြင်တာကတော့ဗျာ ပြည်တွင်းစစ်ကလည်း နှစ်ပေါင်း ၇၀ ကျော်ကြာပြီ၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ ကျွန်တော်တို့ အချိန်ဆွဲလို့ သိပ်မကောင်းဘူးလို့ ကျွန်တော်မြင်တယ်၊ နားလည်ပါတယ် နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ ပြည်တွင်းစစ်ကို ကျွန်တော်တို့ ချက်ချင်းလက်ငင်း ဖြေရှင်းလို့မရဘူးဆိုတာတော့ နားလည်တယ်၊ သို့သော်လည်း ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်က လေးကန် ထိုင်းမှိုင်းနေမယ်ဆိုလို့ရှိရင်၊ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသားတွေ လိုချင်တဲ့ လိုလတောင်းတချက်တွေကို ပုံဖော်ပေးနိုင်စွမ်းမရှိဘူးလို့တိုင်းရင်းသားတွေ မြင်လာမယ် တစ်နည်းအားဖြင့် တိုင်းရင်းသားတွေ နိုင်ငံရေး Space အရ တိုင်းရင်းသားတွေ ဖွင့်မပေးနိုင်ဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့လည်းဆက်စပ်တယ်နော် သိပ်အရေးကြီးပါတယ်၊ တိုင်းရင်းသားတွေရဲ့  Political Space မဖွင့်ပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်ထင်တယ် ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က အလုပ်ဖြစ်မှာမဟုတ်ဘူး နောက်တိုင်းရင်းသား ကျွန်တော်ဆိုလိုတာက အချိန်သိပ်မဆွဲစေချင်ဘူးပေါ့ဗျာ နောက် ၅ နှစ်ကာလမှာ ဖြစ်နိုင်လို့ရှိရင် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို ကျွန်တော်တို့က ပုံဖော်ချင်တယ်၊ မြင်ချင်တယ်၊ အဲလိုမျိုး ကျွန်တော်တို့ သွားနိုင်ဖို့လိုတယ် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်တယ် ဘယ်တော့ပြီးမှာလည်း မပြီးဘူး ဆိုတဲ့ဟာက ကျွန်တော်တို့ အဖေတွေ၊ ကျွန်တော်တို့ အဖိုးတွေခေတ်ကတဲ့က ဒီတိုင်းပြည်က ပြည်တွင်းစစ်ဖြစ်ခဲ့ပြီးပါပြီ၊ ခုကျွန်တော်ခေတ်မှာပါ ထပ်ဖြစ် ခုကျွန်တော်တို့လည်း အဖေအရွယ်၊ အဘိုးအရွယ်ရောက်သွားပြီလေ၊ နောက်မျိုုးဆက်ကို ပြည်တွင်းစစ်အမွေ မပေးချင်ပါဘူး အဲတော့ နိုင်ငံရေးအရ ထွက်ပေါက်တွေ ရှာဖို့လိုပါတယ်၊ နိုင်ငံရေးအရ သဘောတူညီမှုတွေ ရှာဖို့လိုပါတယ်၊အချိန်ကန့်သတ်ချက်တွေ လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။

    Photo- ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဗဟိုဦးဆောင်ကော်မတီဝင် ဦးမြအေး (MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts