spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းပါတီချမှတ်ထားသော စည်းမျဉ်းများအတိုင်း ကိုယ်စားလှယ်လောင်းများရွေးချယ်ပေးရန် ရေးမြို့နယ်ကော်မတီဝင်များကို MUP ဗဟိုတိုက်တွန်း

    ပါတီချမှတ်ထားသော စည်းမျဉ်းများအတိုင်း ကိုယ်စားလှယ်လောင်းများရွေးချယ်ပေးရန် ရေးမြို့နယ်ကော်မတီဝင်များကို MUP ဗဟိုတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၁၈)

    မွန်ပြည်နယ်တွင် ဒုတိယလူဦးရေအများဆုံးဖြစ်သော ရေးမြို့နယ်သည် မွန်တိုင်းရင်းသားတို့အဖို့ အရေးကြီးသည့်မဲဆန္ဒနယ်မြေဖြစ်သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ပါတီကချမှတ်ထားသော စည်းမျဉ်းစည်ကမ်းများအတိုင်း  အတိအကျလိုက်နာ၍ ရွေးချယ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ရေးမြို့နယ်ကော်မတီဝင်များနှင့် ယမန်နေ့ တွေ့ဆုံပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကတိုက်တွန်း ပြောဆိုလိုက်သည်။

    ၂၀၂၀ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းရေးချယ်မှုနှင့်ပတ်သက်၍ MUP ပါတီဗဟိုကချမှတ်ထားသည့် စည်းမျဉ်းနည်းဥပဒေများကို အဖွဲ့ ၆ ဖွဲ့ခွဲ၍ သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ ရှင်းလင်းပွဲများ သွားရောက်ပြုလုပ်လျက်ရှိရာ MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမ ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာဗညားအောင်မိုး၊ နိုင်လဝီအောင်၊ နိုင်မွန်ရာဇာတို့ ပါဝင်သည့်အဖွဲ့က ရေးမြို့ပေါ်ရှိ MUP မြို့နယ်ရုံး၌ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

    MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “ရေးမြို့နယ်က ကျနော်တို့ပါတီအတွက် အရေးကြီးတဲ့ မဲဆန္ဒနယ်မြေတစ်ခုပါ၊ ပါတီကချမှတ်ထားတဲ့ ရွေးချယ်ရေးမူဝါဒ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ပြီး ရွေးချယ်ရမှာဖြစ်သလို သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေမှာ သေချာပေါက်အနိုင်ရမယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပေးဖို့၊ ရွေးချယ်တဲ့နေရာမှာ အရည်အချင်းကိုအဓိကထားရမည့်အပြင် ပါတီတွင်းညီညွတ်ရေးကိုလည်းအလေးထားကြဖို့လည်း လိုအပ်ပါတယ်”ဟု တိုက်တွန်းပြောကြားခဲ့သည်။   

    ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်၊ ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်စည်းကမ်းချက်များနှင့် ကတိခံဝန်ချက်များ၊ ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းနှင့် ရွေးချယ်ရေးစည်းမျဉ်းများ၊ မြို့နယ်အဆင့် ရွေးချယ်ရေးကော်မတီလုပ်ငန်းစဉ်၊ ဗဟိုအဆင့် ရွေးချယ်ရေးကော်မတီလုပ်ငန်းစဉ်များကို MUP ဗဟိုကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပြီးနောက် မေးခွန်းအပြန်အလှန် မေးမြန်းဖြေကြားခဲ့ခြင်းဖြစ်သည်။

    မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက် (၁၉) ချက်တွင် အဓိကအားဖြင့် ဒေသခံ(သို့) ဒေသတွင်းနေထိုင်သူ (သို့) ဇာတိမွေးရပ်မြေမှ ပါတီဝင်ဖြစ်ပြီး ဘာသာရေး လူမျိုးရေးအစွန်းမရောက်သူ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အားကောင်း၍ သက်ဆိုင်ရာ ဒေသခံများ၏ လိုလားနှစ်ခြိုက်သူဖြစ်စေရမည်ဟု ဖော်ပြထားသည်။

    ရေးမြို့နယ် မဲဆန္ဒနယ်မြေများအတွက် လိုအပ်သောကိုယ်စားလှယ်လောင်းများဖြစ်သည့် ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသားလွှတ်တော် ၂ ဦးနှင့် ပြည်နယ်လွှတ်တော် ၂ ဦး စုစုပေါင်း လွှတ်တော်အားလုံးအတွက် ကိုယ်စားလှယ်လောင်း ၅ ဦးတို့ကို လာမည့် ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထား၍ ရွေးချယ်ပေးရမည်ဖြစ်သည်။

    အလားတူ ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် ကိုယ်စားလှယ်လောင်း ၁၀ ဦးတို့အား ဦးစားပေး ၁ နှင့် ၂ တို့ဖြင့် ရွေးချယ်ခဲ့ပြီး ဆက်လက်အတည်ပြုရန် ဗဟိုသို့ပေးပို့ထားကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရေးမြို့နယ်တွင် မွန်အမျိုးသားပါတီ MNP မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးသာရွေးချယ်ခံရပြီး ကျန်မဲဆန္ဒနယ်မြေများတွင် NLD ကိုယ်စားလှယ်များသာ အနိုင်ရရှိခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ထိုစဉ်က မဲဆန္ဒနယ်မြေအားလုံး ၄ နေရာစလုံး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အနိုင်ရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    Photo- MUP ဗဟိုမှ ရေးမြို့နယ်ကော်မတီဝင်များအား ရှင်းလင်းပြောကြားစဉ် (MUP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks