spot_img
Wednesday, February 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေး သြဂုတ်လတွင်ကျင်းပရန် အစိုးရထံပြန်လည်အဆိုပြုမည်

    ၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေး သြဂုတ်လတွင်ကျင်းပရန် အစိုးရထံပြန်လည်အဆိုပြုမည်

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၁၁ )

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့်သြဂုတ်လတွင် ကျင်းပရန်ဆုံးဖြတ်လိုက်ပြီး အစိုးရထံပြန်လည်အဆိုပြုသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

    ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ (၂၁) ရာစုပင်လုံ စတုတ္တအစည်းအဝေးကို လာမည့်ဇူလိုင်လအတွင်းကျင်းပရန် အစိုးရအဆိုပြုထားသည့်အပေါ်  NCA-S EAO ၁၀ ဖွဲ့က လာမည့်သြဂုတ်လတွင်ကျင်းပရန် ယမန်နေ့ Online အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ဒေါ်စောမြရာဇာလင်းက “ကျမတို့မှာ ပြင်ဆင်စရာတွေအများကြီး ရှိနေပါသေးတယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပမယ်ဆိုလို့ရှိရင် Accord- 3 ထွက်လာမှာဖြစ်ပါတယ်၊ ပြည်ထောင်စုသဘောတူညီချက် အပိုင်း(၃) Accord- 3 မှာ ဘယ်လိုအကြောင်းအရာတွေ ပါလာမလဲ၊ အဲဒီအကြောင်းအရာတွေကို NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့အတွင်းမှာ ကိုယ်တို့ ၁၀ ဖွဲ့ အချင်းချင်းကြားမှာ စိတ်ကျေနပ်အောင်ညှိဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုပါဦးမယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ EAOs အစည်းအဝေး၊ UPDJC အစည်းအဝေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM များ ကျင်းပရန်လိုအပ်သေးသဖြင့် အချိန်ယူရဦးမည်ဟု ဆိုသည်။ 

    “ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲအပြီးမှာကျမတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်သယ်သွားရမှာ ဖြစ်တယ်၊ အဲဒီလိုဆက်သယ်သွားဖို့အတွက် ကျမတို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဘယ်လိုအချက်တွေက လက်ဆုပ်လက်ကိုင်အဖြစ် ကျန်ရှိခဲ့မလဲဆိုတဲ့ စဉ်းစားချက်က အဓိကဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

    သြဂုတ်လသို့ အချိန်အနည်းငယ်ယူ၍ ရွှေ့ဆိုင်းလိုက်ခြင်းအားဖြင့်  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သေသေသပ်သပ်လုပ်နိုင်မည်ဟု ယူဆကြောင်း၊ အစိုးရဘက်ကလည်း အချိန်ရရှိမှာဖြစ်သလို  NCA-S EAO ဘက်ကလည်း ကောင်းကောင်းမွန်အချိန်ရရှိမည်ဖြစ်သည့်အတွက် “လောလော လောလော” လုပ်သည်ထက် ပိုမိုအကျိုးရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “အစိုးရ ”လော” နေတာက ရွေးကောက်ပွဲမတိုင်ခင်မှာ NLD အစိုးရအနေနဲ့ ပင်လုံညီလာခံ စတုတ္ထအကြိမ်ကျင်းပပြီးတော့ သဘောတူညီချက်တွေ ဘယ်လိုဆက်ယူထားနိုင်တယ်ဆိုတာကို ဒီရွေးကောက်ပွဲမှာ ပြည်သူကိုချပြပေးချင်လို့ ထင်ပါတယ်။ ဒါကလည်း သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကလည်း သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲမတိုင်ခင်မှာ NCA မဖြစ်မနေ ရအောင်ထိုးခဲ့ပြီပဲ ငြိမ်းချမ်းရေးရလဒ်တစ်ခုရခဲ့တယ်ဆိုတာ ပြည်သူကိုချပြခဲ့သလိုပဲ အဲလို “လော” နေတယ်လို့ ထင်ပါတယ်” ဟု သုံးသပ်ခဲ့သည်။

    သို့ရာတွင် ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလ၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပပါက တပ်မတော်ခေါင်းဆောင်နှင့် အစိုးရအပြောင်းအလဲကိုလည်း ခန့်မှန်းနိုင်မည်ဖြစ်သဖြင့် ဆက်လက်သယ်ဆောင်သွားရမည့်ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပိုမိုသင့်တော်မည်ဟု ယူဆရကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

    အဆိုပါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့်ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း အစိုးရကိုယ်စားလှယ်နှင့် NCA-S EAO ကိုယ်စားလှယ်တို့ Online ဆွေးနွေးပွဲကျင်းပမည်ဟု သတင်းရရှိသည်။

    အကယ်၍ (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးကျင်းပဖြစ်ပါက ထည့်သွင်းချုပ်ဆိုသွားမည့် ပြည်ထောင်စု သဘောတူစာချုပ်  အစိတ်အပိုင်း (၃) Union Accord-3 တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များနှင့် ၂၀၂၀ ရွေး ကောက်ပွဲအလွန် ဆက်လက် ဖော်ဆောင်မည့် အဆင့်လိုက် လုပ်ငန်းစဉ်များ၊ ဦးစားပေးအစီအစဉ်များကို ဘုံသဘောတူညီချက်အဖြစ် ထည့်သွင်းသွားရန် ရည်ရွယ်ထားသည်။

    Photo- NCA-S EAO Online Meeting- June 10 (NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks