spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းမယုံကြည်မှုနှင့် မသိရှိမှုတို့ကြောင့် မူးယစ်အထူးတိုင်ကြားရေးဌာနသို့ မွန်ပြည်နယ်မှ ပြည်သူများ သတင်းပေးတိုင်ကြားခြင်း မရှိ

    မယုံကြည်မှုနှင့် မသိရှိမှုတို့ကြောင့် မူးယစ်အထူးတိုင်ကြားရေးဌာနသို့ မွန်ပြည်နယ်မှ ပြည်သူများ သတင်းပေးတိုင်ကြားခြင်း မရှိ

    -

    ၂၀၂၀ ဇွန်လ (၁) ရက်နေ့တွင် တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်တစ်ခုကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” သို့ တိုင်ကြားလာခြင်းကြောင့် ဖော်ထုတ်ဖမ်းဆီးခဲ့သည့် မူးယစ်အမှုပေါင်း (၁၈) မှု ကို ဖော်ပြထားရာ မွန်ပြည်နယ်မှ တိုင်ကြားမှုတစ်ခုမှ မပါရှိကြောင်း သိရသည်။

    “မူးယစ်ဆေးဝါးသုံးစွဲသူအများဆုံးထဲမှာ မွန်ပြည်နယ်က ထိပ်ပိုင်းမှာရှိတယ်။ (အဲဒါကို) ဘာလို့မတိုင်တာလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတိုင်ကြားရေးလမ်းစဉ်ကို မယုံကြည်လို့ မတိုင်တာပါ” ဟု ရေးမြို့နယ်က တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါသည်။

    သတင်းပေးပို့တိုင်ကြားသူများ၏ လုံခြုံရေးကို သက်ဆိုင်ရာအာဏာပိုင်များက အကာအကွယ်မပေးသည့်အပြင် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဖွင့်ဟပြောဆိုခြင်းများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆက်ပြောပါသည်။

    “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” သို့ တိုင်ကြားလာပါက သက်ဆိုင်ရာမြို့နယ်အဆင့်သို့ ပြန်လည်ညွှန်ကြားခြင်းမျိုးမဟုတ်ဘဲ တိုက်ရိုက်ဖမ်းဆီးအရေးယူခြင်း ပြုလုပ်စေလိုကြောင်း မုဒုံမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါသည်။

    “အထက်ကနေ တိုက်ရိုက်လာဖမ်းတာမဟုတ်ဘဲ အောက်ခြေကိုပဲ ဖမ်းခိုင်းတယ်ဆိုရင်တော့ ထိရောက်မှု မရှိဘူးပေါ့” ဟု မုဒုံမြို့နယ်မှ တက်ကြွလှုပ်ရှားသူက ပြောပါသည်။

    မူးယစ်ပြဿနာနှင့်ပတ်သက်လာပါက “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” သို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းကို ပြည်သူများ သိရှိခြင်း မရှိသေးကြောင်း မေးမြန်းချက်များအရ သိရသည်။

    “မူးယစ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေမှာ ထိရောက်မှုရှိဖို့ အစိုးရဘတ်ဂျက်နဲ့ စီမံချက်လိုမျိုး စနစ်တကျလုပ်နိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျွန်တော်မြင်တယ်” ဟု မုဒုံမြို့နယ်မှ တက်ကြွလှုပ်ရှားသူက ပြောပါသည်။

    မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၈ ဇွန်လ (၂၆) ရက်နေ့မှ ၂၀၂၀ မေလ (၃၀) ရက်နေ့ (၂) နှစ်တာကာလအတွင်း အမှုပေါင်း (၁,၁၅၆) မှုကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိနိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့် ကြီးမားသည့်မူးယစ်ဆေးဝါးရောင်း/ဝယ်မှုများကို နိုင်ငံတော်သမ္မတရုံး၏ “မူးယစ််ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” သို့ တိုင်ကြားလိုပါက အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀ ၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀ ၂၃၃ နှင့် အီးမေးလ်လိပ်စာ antinarcotics@presidentoffice.gov.mm သို့ ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း နိုင်ငံတော်သမ္မတရုံးက အသိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts