HomeCovid 19လာမည့်ဇူလိုင်လတွင် ၂၁ ရာစုပင်လုံ-စတုတ္ထအစည်းအဝေးကျင်းပရန် အစိုးရအဆိုပြု

လာမည့်ဇူလိုင်လတွင် ၂၁ ရာစုပင်လုံ-စတုတ္ထအစည်းအဝေးကျင်းပရန် အစိုးရအဆိုပြု

-

မွန်သတင်းအေဂျင်စီ (မေ ၃၁)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္တအစည်းအဝေးကို လာမည့်ဇူလိုင်လအတွင်း နောက်ဆုံးထား၍ကျင်းပရန် အစိုးရဘက်က အဆိုပြုထားကြောင်း မေလ ၃၀ ရက်က ပြုလုပ်သည့် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲ၌ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လလယ်အတွင်း နောက်ဆုံးကျင်းပခဲ့ပြီးနောက် အစိုးရ(တပ်မတော်အပါဝင်) နှင့် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား “ခွဲမထွက်ရေးနှင့် တစ်ခုတည်းသောတပ်မတော်” စကားရပ်နှင့်ပတ်သက်၍ တစ်ဆို့မှုများဖြစ်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလဖြစ်ပွားနေချိန်တွင် ယခုလွှတ်တော်အစည်းအဝေးများ ကျင်းပနေသည့်ပုံစံအတိုင်း ပြုလုပ်သွားရန်နှင့် တက်ရောက်မည့်ကိုယ်စားလှယ် ဦးရေကိုလည်း သုံးပုံတစ်ပုံသို့လျှော့ချသွားရန် အစိုးရဘက်က အဆိုပြုထားသည်ဟု ဦးဇော်ဌေးက ဆိုသည်။

အကယ်၍သာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကောင်းမွန်လာပါက အစိုးရ(လွှတ်တော်၊ တပ်မတော်အပါအဝင်) အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ မျက်နှာစုံညီအစည်းအဝေးကျင်းပဖြစ်လာမည်ဟု ငြိမ်းချမ်းရေးဖော်ဆောင်မှုအလုပ်ကော်မတီအဖွဲ့ဝင် မွန်ပြည်သစ်ပါတီကိုယ်စားလှယ် နိုင်အောင်မငေးက ယခုမေလဆန်းပိုင်းတွင် မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

နိုင်အောင်မငေးက “အခုမေလထဲမှာ တကယ်လို့ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ဒီဇွန်လထဲမှာ ကျနော်တို့ မျက်နှာချင်းဆိုင်ပြီး အစည်းအဝေးကျင်းပဖြစ်ပါလိမ့်မယ်၊ ဇွန်လထဲမှာ လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်လို့ရမယ်ဆိုရင် ဆုံးဖြတ်ချက်တွေချမှတ်လို့ ရပါပြီ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ချမှတ်တာဝန်ပေးထားတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လူထုတွေ့ဆုံပွဲ Public Consultation တွေ ကျင်းပပြီးတယ် ဆိုတာနဲ့ ကျနော်တို့ ပြည်ထောင်စုသဘောတူစာချုပ်အတွက် ဆောင်ရွက်လို့ရပါပြီ” ဟု ဆိုခဲ့သည်။

လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ဆက်လက်ချုပ်ဆိုသည့်အခါ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များ၊ ၂၀၂၀ ရွေးကောက်ပွဲအလွန် နောင်တက်လာမည့်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရမည့် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ထည့်သွင်းချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Photo- အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး သတင်းစာရှင်းလင်းစဉ်(U Zaw Htay)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts