HomeCovid 19လက်ရှိဒီဇယ်ဆီပေါက်ဈေးအရ ရေးမြို့နယ်တွင် လျှပ်စစ်ဓါတ်အားတစ်ယူနစ် ၂၇၀ ကျပ်သာဖြစ်သင့်ဟုဆို

လက်ရှိဒီဇယ်ဆီပေါက်ဈေးအရ ရေးမြို့နယ်တွင် လျှပ်စစ်ဓါတ်အားတစ်ယူနစ် ၂၇၀ ကျပ်သာဖြစ်သင့်ဟုဆို

-

မွန်သတင်းအေဂျင်စီ(မေ ၂၉)

Covid-19 ကာလအတောအတွင်း လက်ရှိဒီဇယ်ဆီပေါက်ဈေးအရ ရေးမြို့နယ်တွင် လျှပ်စစ်ဓါတ်အားခ တစ်ယူနစ် ၂၇၀ ကျပ်သာဖြစ်သင့်ကြောင်း၊ လက်ရှိပြည်နယ်အစိုးရသတ်မှတ်ပေးထားသည့် တစ်ယူနစ် ၃၀၀ ကျပ်နှုန်းဆိုသည်ကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း ယမန်နေ့ကကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌလည်းဖြစ်သူ ဒေါက်တာအောင်နိုင်ဦးက တိုက်တွန်းပြောဆိုလိုက်သည်။ 

ဒေါက်တာအောင်နိုင်ဦးက“ပြီးခဲ့တဲ့ဧပြီမှာ ဒီဇယ်ဈေး ၅၅ဝိ-၆၀ဝိ အကြား ဖြစ်တဲ့အချိန်မှာ အချိုးကိုတွက်ကြည့်လိုက် (မီတာခတစ်ယူနစ်သတ်မှတ်ဈေးနှုန်း) ၂၇၀ ကျပ်လောက်ပဲကျသင့်တယ်၊ ဒါပေမယ့်ပြည်နယ်အစိုးရက ၃၀၀ ကျပ်သတ်မှတ်ပြီးတော့ ကောက်ခံရမယ်ဆိုတာ ပြန်ပြီးတော့ စိစစ်သုံးသပ်သင့်ပါတယ်”ဟု ပြောသည်။

အကယ်၍ ဒီဇယ်တစ်လီတာ ၉၂၀ ကျပ်ဖြစ်ပါက တစ်ယူနစ် ၄၂၅ ကျပ်နှုန်း ကောက်ခံသွားရန် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀ ရက်စွဲဖြင့် မွန်ပြည်နယ်အစိုးရက ရေးမြို့နယ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသော Southern Myanmar Development – SMD, မြတ်သူရ ကုမ္ပဏီ၊ အရှေ့တောင်အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမီတက် (SEGEP) တို့အား အကြောင်းကြားခဲ့သည်ဟု ၎င်းကဆိုသည်။

 “အခု Covid-19 ကာလမှာ ဒီဇယ်ဈေး ဓါတ်ဆီဈေးကျတယ်၊ အဲဒီတော့ ဒီအချိုးဒီနှုန်းထားအတိုင်း (မီတာခ) ကျဖို့လိုပါတယ်၊ အဲဒီတော့ ပြီးခဲ့တဲ့ဧပြီအထိကို ကုမ္ပဏီဘက်က ဘာမှဈေးနှုန်းချပေးခြင်း မရှိပါဘူး” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။  

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရရှိခဲ့ပြီးမှ လုပ်ငန်းအမှန်တကယ်လည်ပတ်သည့်အခါ မိမိတို့ထင်မြင်ယူဆခဲ့သည့် ပြည်သူလူထုအကျိုးစီးပွားများဖြစ်မလာဘဲ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးပြန်လည်ဖြစ်စေသည့်အကြောင်းကိစ္စများဖြစ်ပေါ်လာသည်ကို ရေးမြောက်ပိုင်းရှိ Southern Myanmar Development – SMD ကုမ္ပဏီအား မီးမောင်းထိုး၍ ၎င်းကတင်ပြခဲ့ခြင်း ဖြစ်သည်။

ဧပြီလ ၂၄ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရ၏ အရေးပေါ်ကတ်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အရ ရေးမြို့နယ်၌ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသော အဆိုပါကုမ္ပဏီ ၃ ခုတို့အား တစ်ယူနစ်လျှင် ၃၀၀ ကျပ်နှုန်းထားဖြင့် လျှော့ချကောက်ခံသွားရန် ဧပြီ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရ အကြောင်းကြားခဲ့ကြောင်း သိရသည်။

သို့ရာတွင် ပြီးခဲ့သည့် ဧပြီလအတွက် မြတ်သူရကုမ္ပဏီနှင့် SMD ကုမ္ပဏီတို့အနေဖြင့် မီတာခတစ်ယူနစ် ၄၀၀ ကျပ်နှုန်း ကောက်ခံခဲ့သည်ကို လျှပ်စစ်မီတာဖြတ်ပိုင်းများမှ တွေ့ရှိရသည်။

မြတ်သူရကုမ္ပဏီအနေဖြင့် မေလတစ်လစာအတွက် တစ်ယူနစ် ၃၀၀ ကျပ်နှုန်းအစားထိုးကောက်ခံသွားမည်ဟု မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သော်လည်း SMD ကုမ္ပဏီအနေဖြင့် ပြန်လည်ဖြေကြားခြင်းမရှိပေ။

အဆိုပါ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် မွန်ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီတို့၏ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား လေ့လာသုံးသပ်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်နှင့်အတူ ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်သလို ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်နိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Photo-မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး (မွန်လွှတ်တော်)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts