Monday, March 16, 2026
More
    spot_img
    HomeCovid 19Covid 19 ရောဂါကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း ၂၀ % သို့ကျဆင်း

    Covid 19 ရောဂါကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း ၂၀ % သို့ကျဆင်း

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မေ ၁၂)

    တရုတ်ဈေးကွက်ကို အဓိကအားထားနေရသည့် မွန်ပြည်နယ်မှ ငါးပုဇွန်များတင်ပို့ရာတွင် လက်ရှိ Covid 19 ကပ်ရောဂါဖြစ်ပေါ်နေသောကာလအတွင်း ကုန်စည်စီးဆင်းမှုရပ်တန့်ခဲ့ရပြီး ဝယ်လိုအား ၂၀% သို့ ကျဆင်းသွားကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

    “ခါတိုင်းပုံမှန်ထက်ဝယ်လိုအား ၈၀ % လောက်ကျဆင်းသွားတယ်၊ ဈေးနှုန်းလည်း ထက်ဝက်ဈေးတောင်မရတော့ဘူး ခါတိုင်း ၆ ထောင်ရတဲ့ဟာက ခု ၂ ထောင်လောက်ပဲရတယ်၊ အဲ ၂ ထောင်တောင် အတင်းခိုးရောင်းနေရတဲ့ ဈေးဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

    ထို့အတူ ပြည်ပသို့ပို့ဆောင်နေသည့် ငါးလုပ်ငန်းများ ၈၀% ခန့် ရပ်ဆိုင်းထားရသဖြင့် အအေးခန်းများနှင့် ကွန်တင်နာပေါ်တွင် ငါးများ ပိတ်မိနေသည်ဟု မော်လမြိုင်ဟိုလ်ဒင်းစ် လီမီတက် အထွေထွေမန်နေဂျာ ဦးအောင်သက်ဌေးက ပြောသည်။

    “လုပ်ငန်းတော်တော်များများရပ်ဆိုင်းသွားတယ် ဈေးသက်သာတဲ့ ငါးမျိုးကိုတော့ ပို့နေရပါသေးတယ် ငါးပွေးရှာတို့ ငါးခေါင်းပွတို့ ငါးသင်းဝါတို့ ဒီလိုမျိုးငါးတွေ တစ်လမှာ ကွန်တိန်နာ သုံးလုံးလောက် အဲလိုမျိုးပို့ပေးနေရတာရှိတယ် ဟိုတုန်းက များများစားစား ပို့လို့ရပေမဲ့ ခုတော့ လုပ်ငန်းသဘောအရ ရပ်ဆိုင်းသွားတာတွေရှိတာပါ” ဟု ၎င်းကဆိုသည်။

    ငါးပုတ်သင်၊ ငါးသလောက်ဈေးကွက်သည်လည်း ယခင်နှစ်ထက် ထက်ဝက်လျော့နည်းနေသည်ဟု ဦးအောင်သက်ဌေးက ဆက်ပြောသည်။

    “ဥပမာ ငါးပုတ်သင်ဆိုရင်ဈေးနှုန်းများတာပေါ့  အရင်တုန်းက ၁ ပိသာ ၄သောင်းခွဲ ၅သောင်း ဝယ်တဲ့ အမျိုးအစားတစ်ခုက အကြီးဆုံးဆိုဒ်ဆို ၄ သောင်းခွဲ ၅ သောင်းဝယ်တာပေါ့ ခုချိန်မှာ ၂ သောင်းနဲ့ ၂ သောင်းကျော်ကျော်လောက်ပဲ ဖြစ်သွားတယ် ဈေးက လောလောဆယ်မှာကိုပဲ ထက်ဝက်လောက်ကျသွားတယ်” ဟု ၎င်းကဆိုသည်။

    လက်ရှိတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် အလှူအတန်းများနှင့် ပွဲတော်များ မကျင်းပရန် ကန့်သတ်ထားသဖြင့် ပြည်တွင်းငါးဈေးကွက်မှာလည်း အရောင်းအဝယ်ကျဆင်းသွားကြောင်း မော်လမြို့မြို့ သံလွင်ဈေးရှိ ဒေါ်လုံးတုံး ငါးဒိုင် ပိုင်ရှင် ကိုအောင်အောင်က ဆိုသည်။

    ၎င်းက “ငါးဈေးမှာကအရောင်းအဝယ်အေးတယ် အလှူအတန်းတွေဘာတွေလည်း မရှိတော့လေ အရောင်းအဝယ်အေးတာပေါ့ ဈေးနှုန်းက ပုံမှန်အတိုင်းပဲ” ဟု ဆိုသည်။

    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှုကြောင့် တရုတ်နယ်စပ်ဂိတ်များ ပိတ်လိုက်သဖြင့် အဓိက စားသောက်ကုန်ဖြစ်သည့် သားငါးပင်လယ်စာ၊  သစ်သီးဝလံများနှင့် ခြံထွက်သီးနှံ ဟင်းသီးဟင်းရွက် တင်ပို့နေမှုများ သိသိသာသာကျဆင်းသွားကြောင်း သတင်းရရှိသည်။ 

    Photo-မော်လမြိုင် သံလွင်ဈေးရှိ ငါးပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းများ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks