spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19EAOs အခြေပြုဒေသများတွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ညှိနှိုင်းပူးပေါင်းရေးကော်မတီဖွဲ့စည်း

    EAOs အခြေပြုဒေသများတွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ညှိနှိုင်းပူးပေါင်းရေးကော်မတီဖွဲ့စည်း

    -

    မွန်သတင်းအေဂျင်စီ (ဧပြီ-၂၈)

    တိုင်းရင်းသားလက်နက်ကိုင်များ EAOs အခြေပြုသည့်ဒေသများတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ထိရောက်စွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို သမ္မတအမိန့်ဖြင့် ဧပြီလ၂၇ ရက်တွင်ဖွဲ့စည်းလိုက်ကြောင်း အစိုးရသတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

    ကော်မတီဥက္ကဋ္ဌအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ အဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)နှင့် အတွင်းရေးမှူးအဖြစ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှမော်ဦးတို့ကို သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုးခန့်အပ်လိုက်သည်။

    ရွှေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူ ထိုင်းမြန်မာအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း- FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “အဲလိုမျိုး EAOs တွေနဲ့ အစိုးရနဲ့ ဖြစ်နိုင်လို့ရှိရင် တပ်မတော်နဲ့ပါ အဲဒီလိုပူးပေါင်းကော်မတီဖွဲ့ပြီးတော့ လုပ်ဆောင်ဖို့ ကျနော်တို့အမြဲတမ်းအကြံပေးပါတယ်၊ အခုလိုမျိုးသမ္မတရုံးကနေ EAOs တွေနဲ့ ပေါင်းလုပ်မယ်ဆိုတဲ့ဟာမျိုး ကျနော်တို့အနေနဲ့တော့ ကြိုဆိုတာပေါ့နော်” ဟု ပြောသည်။

    အဆိုပါကော်မတီ၏လုပ်ငန်းတာဝန်များတွင် Covid ရောဂါဆိုင်ရာ သတင်းအချက်အလက်တွေဖလှယ်ခြင်း၊ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများကို စစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက သတင်းအချက်အလက်ဖလှယ်ခြင်း၊ ကုသရန်ဆောင်ရွက်ခြင်းနှင့် သံသယလူနာနှင့်ထိတွေ့သူများကို ရှာဖွေဖော်ထုတ်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

    “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နယ်မြေကနေ ဝင်ရောက်လာနိုင်တဲ့ ထိုင်းနိုင်ငံကရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ဖြစ် IDPs တွေဖြစ်ဖြစ် နောက်ဆုံးတော့ နယ်စပ်ဒုက္ခသည်စခန်းတွေပါမကျန် သွားလာဝင်ထွက်မှုတွေကို ထိန်းချုပ်လာနိုင်မယ်၊ စနစ်တကျစုဖွဲ့မှုတွေလုပ်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အစိုးရက နားလည်အောင်လေ့လာပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်နိုင်မယ်လို့ ကျနော်ယူဆတယ်” ဟု ဦးထူးချစ်က ဆက်ပြောသည်။

    အထူးသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ရှမ်း၊ ကရင်နီ(ကယား)၊ ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့၏ အခြေပြုလှုပ်ရှားနယ်မြေများဖြစ်ကြောင်း တွေ့ရသည်။    

    အဆိုပါကော်မတီအနေဖြင့် ကျန်းမာရေးဆိုင်ရာအကြံပြုချက်များကို ပြည်သူအများ လိုက်နာအကောင်အထည်ဖော်စေရေးအပြင် သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။

    သို့ရာတွင် အဆိုပါသမ္မတရုံး၏ထုတ်ပြန်ချက်တွင် ပြည်နယ်အဆင့်အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးသော်လည်း NCA လက်မှတ်မရေးထိုးရသေးသည့် EAOs များ၊ ကျန်ရှိသော EAOs အဖွဲ့များ ပါဝင်ခြင်းရှိမရှိကို ရှင်းလင်းဖော်ပြထားခြင်းမရှိပေ။

    Photo- သမ္မတ၏ အမိန့်ကြော်ငြာစာ (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks