spot_img
Monday, May 6, 2024
More
    spot_img
    HomeCovid 19Covid-19 အရေးပူးပေါင်းကူညီဆောင်ရွက်သွားရန် မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီကိုတိုက်တွန်း

    Covid-19 အရေးပူးပေါင်းကူညီဆောင်ရွက်သွားရန် မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီကိုတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (ဧပြီ ၂၆)

    လက်ရှိအချိန်တွင် Covid-19 ထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဘုရားသုံးဆူနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်ပါကလည်း တရားဝင်ပြန်လည်ဝင်ရောက်ခြင်းဖြစ်စေရေးအတွက် မြဝတီနယ်စပ်ဂိတ်မှသာ ဝင်/ထွက်စေရေး ပူးပေါင်း ကူညီဆောင်ရွက်သွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုး၍ ဧပြီလ(၂၁) ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီသို့ အကြောင်းကြားစာပေးပိုခဲ့သည်ကို မွန်သတင်းအေဂျင်စီက မိတ္တူလက်ခံရရှိခဲ့သည်။

    နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင်နယ်စပ်ဂိတ်ဖြစ်သည့် မြဝတီနယ်စပ်ဂိတ်မှသာ ဝင်ရောက်သင့်ပါကြောင်း မွန်ပြည်နယ်အစိုးရ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

    မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “လာမယ့်ဧပြီလ ၃၀ ရက်နောက်ပိုင်းမှာ ပြန်ဝင်လာမယ့်လူတွေက မြဝတီဘက်ကနေ ဝင်လာမှာပါ၊ အစိုးရက သူတို့စီစဉ်ထားတဲ့ CBFQ မှာပဲ ထားမယ်ဆိုတော့ ကျနော်တို့ဘက်ကိုရောက်ဖို့က သိပ်မရှိဘူးပေါ့လေ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရောက်လာခဲ့မယ်ဆိုရင်လည်း CBFQ မှာနေဖို့အတွက်က စီစဉ်ထားပြီးသားပါ” ဟု မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ဖြေကြားခဲ့သည်။

    ထို့အတူ COVID 19 ကူးစက်ရောဂါအန္တရာယ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာအလုပ်သမားများအနေဖြင့် တရားဝင်မြဝတီနယ်စပ်ဂိတ်မှ ပြန်လာကြရန်နှင့် ဘုရားသုံးဆူနယ်စပ်လမ်းကြောင်းဘက်သို့ ပြန်လာခွင့်မပြုရန် ဧပြီ ၂၅ ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ဘုရားသုံးဆူမြို့နယ်အုပ်ချုပ်ရေးရုံးသို့ ညွှန်ကြားလိုက်သည်။

    ထိုင်းနိုင်ငံ၌ စက်ရုံ၊ အလုပ်ရုံအများအပြားပိတ်ထားရပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေအတွက် သောင်းနှင့်ချီ၍ မိမိနေရပ်သို့ပြန်လာရန် စောင့်ဆိုင်းလျက်ရှိပြီး ဧပြီလ ၃၀ ရက်နေ့နောက်ပိုင်းတွင် မြဝတီနယ်စပ်လမ်းကြောင်းဖက်မှ နေရပ်သို့ပြန်လာနိုင်ရေး အစိုးရဌာနအသီးသီးတို့ စီစဉ်ထားသည်ဟု မွန်ပြည်သစ်ပါတီက ဆိုသည်။

    ထို့အတူ ဧပြီ ၃၀ နောက်ပိုင်း နယ်စပ်မှတဆင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ နေရပ်ပြန်ရမည့် အလုပ်သမားများ အင်အားစာရင်းကို သိရှိပြီး အခက်အခဲမရှိစေဘဲ နေရပ်ပြန်နိုင်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် အစီအမံများ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် https://forms.gle/kbxdZLLVbmDM7NYJ9 သို့ #မပျက်မကွက်ဖြည့်သွင်းပေးပို့ကြပါရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာနိုင်ငံအလုပ်သမား သံအရာရှိရုံးက ယနေ့ရက်စွဲဖြင့် မြန်မာအလုပ်သမားများအား မေတ္တာရပ်ခံ အသိပေးနှိုးဆော်ထားကြောင်း တွေ့ရှိရသည်။

    အဆိုပါ နေရပ်ပြန်အလုပ်သမားများအနေဖြင့် COVID-19 ရောဂါ ကူးစက်မပြန့်နှံ့စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လူထုအခြေပြု ကုသစောင့်ရှောက်မှု ပေးခြင်း Community-based Facility Quarantine (၂၁)ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင် ခြင်း Home Quarantine ကာလ(၇)ရက်၊ စုစုပေါင်း(၂၈)ရက်ကို မပျက်မကွက် လိုက်နာ ဆောင် ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ထပ်မံအသိပေးထားသည်။

    ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားသံအရာရှိရုံး၏ Online ပုံစံလျှောက်လွှာတွင် မိမိအမည်၊ မှတ်ပုံတင်နံပါတ်ဖြည့်သွင်း၍ မဲဆောက်၏မြဝတီလမ်းကြောင်းမှတဆင့် နေရပ်သို့ပြန်နိုင်ကြောင်း သိရသည်။ 

    အကယ်၍ ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့နယ် ဘုရားသုံးဆူလမ်းကြောင်းမှ နေရပ်ပြန်ရန် ဝင်ရောက်လာသူများအနေဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ကြံတောရွာအနီး ရာဘာခြံများ၌ သောင်တင်နေရမည့်အနေအထားတွင် ရှိနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။  

    သို့ရာတွင် ထိုင်းနိုင်ငံအတွင်း ည ၁၀ နာရီမှာ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အစိုးရထုတ်ပြန်ထားဆဲဖြစ်သည့်အတွက် လာမည့်ဧပြီလ ၃၀ ရက်နေ့တွင် ရုပ်သိမ်းခြင်းမပြုသေးပါက လမ်းခရီးတွင်ပြည်နယ်တစ်ခုနှင့်တစ်ခု သွားလာရေးအခက်အခဲကြောင့် မြန်မာအလုပ်သမားများအနေဖြင့် နေရပ်ပြန်နိုင်ဦးမဟုတ်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။ 

    Photo- မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီသို့ ပေးပို့စာ (Copy)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts