HomeCovid 19ထိုင်းပြန် ၈ ဦးတောတွင်းတစ်နေရာ ၂ ပတ်ကြာပိတ်မိခဲ့ပြီး ဘုရားသုံးဆူအနီး ရာဘာခြံတစ်ခုသို့ရောက်ရှိလာ

ထိုင်းပြန် ၈ ဦးတောတွင်းတစ်နေရာ ၂ ပတ်ကြာပိတ်မိခဲ့ပြီး ဘုရားသုံးဆူအနီး ရာဘာခြံတစ်ခုသို့ရောက်ရှိလာ

-

မွန်သတင်းအေဂျင်စီ(ဧပြီ ၂၃)

ထိုင်းနိုင်ငံတောတွင်းတစ်နေရာ၌ ၂ ပတ်ကြာပိတ်မိနေသော ထိုင်းပြန် ၈ ဦးတို့ ယနေ့နံနက်စောစောပိုင်းတွင် ဘုရားသုံးဆူမြို့အနီးရှိ ကြံတောရွာ ရာဘာခြံတစ်ခုသို့ရောက်ရှိလာကြောင်း သိရသည်။

“ပွဲစားဆက်မပို့ရဲတော့ လမ်းတစ်ဝက်မှာ ချထားလိုက်တယ်၊ လမ်းမှာအကုန်လုံး ၁၄ ရက်ကြာသွားတယ်၊ သုံးစရာငွေတွေလည်းပြတ်တော့မယ်၊ စားစရာကိုယ့်ဟာကို ဝယ်စားရတယ်၊ စေတနာရှင်တစ်ဦးနဲ့အဆက်အသွယ်ရပြီး ဒီကိုရောက်အောင် ပို့ပေးခဲ့တာ” ဟု ဘုရားသုံးဆူမြို့ ပရဟိတစေတနာရှင်တစ်ဦးဖြစ်သူ ကိုအောင်စိုးက ပြောသည်။

အဆိုပါထိုင်းပြန်များတွင် ယောကျာ်း ၄ ဦး၊ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦးပါဝင်၍ ညောင်လေးပင်၊ တောင်ငူ၊ နေပြည်တော်၊ မုံရွာသို့ပြန်မည့်သူများဖြစ်သည့်အတွက် သက်ဆိုင်ရာ Quarantine စခန်းများသို့ပို့ဆောင်ရန် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်ဟု ကိုအောင်စိုးက ဆက်ပြောသည်။ 

ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားအနေဖြင့် ယင်းကဲ့သို့ အိမ်အပြန်လမ်းတစ်ဝက်တွင် အခက်အခဲများကြုံတွေ့ပါက ထိုင်းနိုင်ငံအခြေစိုက် The Labour Protection Network-LPN ဖောင်ဒေးရှင်းသို့ မြန်မာဘာသာဖြင့် ဖုန်း 096 965 2384 သို့ ဆက်သွယ်၍အကူအညီကောင်းခံနိုင်ကြောင်း နယ်စပ်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ BHI တာဝန်ခံ ဆရာမ မိစိုက်ခမားနွန်က ပြောသည်။

“ပွဲစားတွေလမ်းတစ်ဝက်မှာပစ်ထားတာမျိုးတို့ဆိုရင်လည်း LPN အကူအညီပေးခဲ့တာပဲ၊ ထိုင်းမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကို အကူအညီပေးနေတဲ့အဖွဲ့အစည်းပါ၊ လိုအပ်ရင်ဆက်သွယ်လိုက်ပါ” ဟု မိစိုက်ခမားနွန်က ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသောမြန်မာအလုပ်သမားများအနေဖြင့် ဧပြီလကုန်ပြီးမှ မိမိနေရပ်သို့ပြန်ကြရန် ထိုင်းအစိုးရရော မြန်မာအစိုးရပါ ကြေငြာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။

ထို့အတူ မော်တော်ယာဉ်လိုင်းကားများနှင့် အိမ်စီးကားများအနေဖြင့် ထိုင်းနိုင်ငံ ကန်ချနပူရီမြို့မှ စံခလပူရီ-ဘုရားသုံးဆူမြို့သို့ မြန်မာအလုပ်သမားများကို တင်ဆောင်ခွင့်မပြုရဟု စံခလပူရီမြို့ပိုင်က အမိန့်ထုတ်ထားပြီး ဖမ်းဆီးမိပါက ထောင်ဒဏ် ၂ နှစ်(သို့မဟုတ်) ဘတ်ငွေ ၄ သောင်း (သို့မဟုတ်) ပြစ်ဒဏ် ၂ ရပ်လုံးချမှတ်ခံရမည်ဟု သိရသည်။

သို့ရာတွင် ပြီးခဲ့သည့်သီတင်းပတ်က ဘုရားသုံးဆူမြို့အနီး ရာဘာခြံတစ်ခုသို့ မော်တော်ယာဉ်လိုင်းကားများဖြင့် ရောက်ရှိလာသော ထိုင်းပြန် ၂၂ ဦးတို့ကို မြို့ထဲအဝင်မခံသဖြင့် ရာဘာခြံများ၌ ၄ ညခန့်သောင်တင်ခဲ့ပြီးနောက် မြန်မာအာဏာပိုင်များက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး CBFQ စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Photo- ထိုင်းပြန် ၈ ဦးအား ဘုရားသုံးဆူပရဟိတအသင်းမှ အကူအညီများ သွားရောက်ပေးအပ်စဉ်(အောင်စိုး)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts