spot_img
Sunday, February 22, 2026
More
    spot_img
    HomeCovid 19Covid 19 နှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းလွှင့်သူများကို အရေးယူမည်

    Covid 19 နှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းလွှင့်သူများကို အရေးယူမည်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဧပြီ ၂)

    အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Covid19 နှင့် ပတ်သက်ပြီး ပြည်သူများ အထိတ်တလန့်ဖြစ်အောင် မဟုတ်မမှန်သတင်းလွှင့်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောကြားသည်။

    “ခုလက်ရှိရောဂါ ပြည်သူလူထုများ  အထိတ်တလန့်ဖြစ်အောင် မမှန်သတင်းလွင့်မယ် ဆိုလို့ရှိရင် ဥပဒေနဲ့ ကျွန်တော်တို့ အရေးယူသွားဖို့ ရှိပါတယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

    သတင်းထုတ်ပြန်ရာတွင် သတင်းရင်းမြစ်နှင့် အချက်အလက်များတိကျမှန်ကန်ဖို့လိုအပ်ပြီး မဟုတ်မမှန်သည်များကို မလွှင့်မိဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ မေတ္တာရပ်ခံကြောင်း ၎င်းကဆက်ပြောသည်။

    ထို့အတူ ကိုရိုနာဗိုင်းရက်စ်ကူးစက်ရောဂါနှင့် ပတ်သက်ပြီး တာဝန်ရှိသူများထံ အချက်အလက်ရယူပြီးမှ သတင်းအမှန်ကို ရေးသားစေလိုကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ၎င်း၏ Facebook လူမှုကွန်ရက်တွင် ရေးသားထားသည်။

    “ကူးစက်ရောဂါကိစ္စသည်တိုင်းပြည်အတွင်းရှိပြည်သူများအားလုံးနှင့်ဆက်စပ်ပတ်သက်နေ၍ အစိုးရ၏ ကာကွယ်ထိန်းချုပ်ရေးလုပ်ကိုင်ဆောင်ရွက်နေရသောလုပ်ငန်းစဉ်၊ Data အချက်အလက်များကိုသေချာစွာ မလေ့လာဘဲ၊ မသိရှိဘဲ မိမိဆန္ဒတစ်ခုဖြင့် လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားလိုက်သည့်အတွက်၎င်း၊ သတင်းတင်လိုက်သည့်အတွက်၎င်း၊ ပြည်သူများစိုးရိမ်ပူပန်စေခြင်းဖြစ်ပေါ်စေသည့်အတွက် ရှောင်ရှားစေလိုပါသည်။ တာဝန်ရှိသူများထံမေးမြန်းအချက်အလက်ရယူပြီးမှ သတင်းအမှန်သိပြီးမှရေးသားစေလိုပါသည်” ဟု ၎င်းက ရေးသားထားသည်။

    မတ်လ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်တွင် သံသယစောင့်ကြည့်လူနာ PUI ၂ ဦးနှင့် Hospital Quarantine  ၄၈ ဦးရှိသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

    လက်ရှိဖြစ်ပေါ်နေသည့် Covid19 ရောဂါသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေတွင် အကျုံးဝင်သဖြင့်  သတင်းမှား ထုတ်ပြန်သူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၇ အရ အရေးယူသွားမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံရမည်ဖြစ်သည်။

    Photo- ဟုတ်တယ် Vs မဟုတ်ဘူး ပညာပေးကဏ္ဍ (Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks