မွန်သတင်းအေဂျင်စီ(ဧပြီ ၁)
လတ်တလောတွင် ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်းနေသည့်အတွက် ရာဘာခြံအစေးခြစ်လုပ်ငန်းများရပ်ဆိုင်းထားရသလို ဥယာဉ်ခြံထွက် ဒူးရင်းနှင့် မင်းဂွတ်သီးဈေးနှုန်း ထက်ဝက်ခန့်ကျဆင်းသဖြင့် ရေးမြို့နယ်မှဒေသခံခြံလုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေကြောင်း သတင်းရရှိသည်။
ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် ဒုတိယလူဦးရေအများဆုံးမြို့နယ်ဖြစ်သလို ရာဘာ စိုက်ဧက တစ်သိန်းခွဲကျော် မွန်ပြည်နယ်အတွင်း ရာဘာအများဆုံးထွက်ရှိပြီး ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ သံပုရာသီး၊ ကျွဲကော်သီးနှင့် ကွမ်းသီးပင်များ စသည့်ဥယာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
“အခု Covid-19 ထူးခြားဖြစ်စဉ်အရ ကုန်သွယ်ရေးလုပ်ငန်းတွေရပ်ဆိုင်းနေတဲ့အတွက်ကြောင့် ရာဘာအစေးခြစ်လုပ်ငန်းတွေကလည်း အခုထိုင်စား(အလုပ်မရှိ) ဖြစ်နေတယ်၊ ခြစ်လို့ ခြံရှင်လည်းမကိုက် အလုပ်သမားလည်းမကိုက် အနေအထားဖြစ်နေတာတစ်ခု၊ ကွမ်းသီးတွေလည်းဈေးကျ၊ နောက်အခုလို ဒူးရင်းသီး မင်းဂွတ်သီး ပေါ်ဦးပေါ်ဖျားအချိန် မြို့ပြဈေးကွက်မှာလည်း ရောင်းဝယ်သူမရှိဖြစ်နေတယ်၊ ဒိုင်တွေသွားသွင်းရင်လည်း ဈေးအနှိမ်ခံရတာပေါ့၊ အရင်နှစ်တွေက ဒူးရင်းသီးတစ်လုံး ၆ ထောင်ကျပ်ဈေးပေါက်တဲ့အချိန်မှာ အခု ၃ ထောင်နဲ့ဒိုင်မှာသွင်းနေရတယ်” ဟု ရေးမြို့ခံ တည်းခိုခန်း၊ စတိုးနှင့် ခြံလုပ်ငန်းရှင် ကိုလွင်က ပြောသည်။
သို့ရာတွင် ရေးမြို့ထွက်ကုန် သံပုရာသီးတစ်လုံး ဒိုင်သွင်းဈေးနှုန်းကျပ် ၁၀၀ ရှိနေသဖြင့် သံပုရာဥယာဉ်ခြံသမားများအနေဖြင့် တွက်ချေကိုက်သေးသည်ဟု ၎င်းက ဆိုသည်။
ကိုလွင်က “stay at home အနေနဲ့ ကျနော့မှာ တည်းခိုခန်း၊ စတိုးဆိုင်၊ ဆိုက်တွေမှာလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း အားလုံးနီးပါး ရပ်ဆိုင်းကုန်ပြီ ၊ ဧပြီတစ်လစာတော့ ကြိုတင်ငွေ ထုတ်ပေးလိုက်ရတယ်၊ အခြေအနေတွေ ဒိထက်ပိုကြာလာရင် ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်လုံခြုံရေးတွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်၊ stay at home ဖြစ်တဲ့အတွက် သတင်းတွေကြည့်ဖို့အချိန်တော်တော်ရပါတယ်၊ သတင်းတွေကြည့်လိုက်ရင် အခုအချိန်ထိ အစိုးရဆွအံ့နေတာ သတိထားမိတယ်” ဟု ဆက်ပြောသည်။
အကယ်၍ Covid-19 ကူးစက်ရောဂါဖြစ်စဉ် ကာလရှည်ကြာလာပါက အလုပ်သမားများကို လုပ်ငန်းရှင်များ ဆက်လက်ထောက်ပံ့နိုင်လိမ့်မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံမှ မွန်အမျိုးသားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ နိုင်စိုးမွန်က သုံးသပ်သည်။
“ခုလို လုပ်ငန်းတွေရပ်ဆိုင်းလိုက်ရတဲ့အနေအထားမှာ လုပ်ငန်းရှင်တွေက သူ့အလုပ်သမားတွေကို ဆက်ပြီးထောက်ပံ့ပေးလိမ့်မယ်ဆိုတဲ့ဟာကို မျှော်လင့်ချက်မထားပါနဲ့၊ ဆုံးရှုံးနစ်နာမှုတွေကို ဘယ်လုပ်ငန်းရှင်ကမှ တောင့်ခံနိုင်လိမ့်မှာမဟုတ်ပါဘူး၊ အလုပ်သမားတွေအနေနဲ့ မိမိဝမ်းစာရေးပြဿနာတွေကို နည်းလမ်းရှာပြီး ဖြေရှင်းသွားဖို့ပဲ ရှိပါတော့တယ်၊ လက်ရှိအနေအထားမှာ အခက်အခဲတွေကို အစိုးရဝိုင်းဝန်းကူညီဖြေရှင်းပေးတာ မတွေ့မိသေးဘူး”ဟု နိုင်စိုးမွန်က ဆိုသည်။
ဆက်လက်၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအရှိန်မြင့်လာပါက နိုင်ငံတဝန်း Lock Down ချရမည့်အနေအထားသို့ရောက်ရှိလာမည်ဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှုအားလုံးရပ်တန့်သွားနိုင်ကြောင်း၊ ထို့ပြင် မွန်ပြည်နယ်တွင် လာမည့်မိုးတွင်းကာလရေလွှမ်းမိုးမှုအနေအထားနှင့် လယ်ယာစိုက်ပျိုးလုပ်ငန်းများ ကောင်းမွန်စွာမလုပ်ကိုင်နိုင်ခြင်း၊ အထွေထွေရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်လည်း မျှော်လင့်သလောက်ခရီးမပေါက်နိုင်ခြင်း စသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကို အကြောင်းပြပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းက အထည်ချုပ်စက်ရုံများ၊ ဖိနပ်စက်ရုံ၊ အိတ်စက်ရုံနှင့် စက္ကူစက်ရုံများ ပိတ်သိမ်းခြင်း၊ လုပ်သားလျှော့ချခြင်းတို့ ပြုလုပ်ခဲ့သည့်အတွက် စက်ရုံလုပ်သား နှစ်သောင်းကျော်ခန့် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်နေရကြောင်း သတင်းများတွင် တွေ့ရှိရသည်။