Sunday, March 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရွှေကုက္ကိုလ် မြို့ သစ်စီမံကိန်းသည် ငြိမ်းချမ်းရေးအား မထီမဲ့မြင်ပြုနေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN မှ ထုတ်ပြန်

    ရွှေကုက္ကိုလ် မြို့ သစ်စီမံကိန်းသည် ငြိမ်းချမ်းရေးအား မထီမဲ့မြင်ပြုနေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN မှ ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ(မတ်လ-၂၆)

    မြန်မာဘာသာဖြင့် စာမျက်နှာ (၅၀) ခန့် ရှိသည့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (Karen Peace Support Network – KPSN) မှ ထုတ်ဝေသည့် "တို့ မြေအား လောင်းကစားပစ်ခြင်း" အစီရင်ခံစာတွင် ယခင်က ကော့မူးရာဟု ထင်ရှားခဲ့သော ယခုရွှေကုက္ကိုလ်ရွာနေရာ၌ ဧရာမကာစီနိုလောင်းမြို့ တော်အဖြစ် ပြောင်းလဲလိုက်ခြင်းသည် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကို ယိမ်းယိုင်စေကာ မထီမဲ့မြင် ပြုနေသည်ဟု ဆိုသည်။

    ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ ပြေရေးဆိုခွင့် ရှိသူ စောလေးကပေါက "ဒီရွှေကုက္ကိုလ် ဒေသမှာက လက်ကိုင်တပ်တွေ များပါတယ်။ ပဋိပက္ခတွေ ရှိဆဲဖြစ်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်၊ ဖက်ဒရယ်ကိစ္စ ပြောနေတဲ့ အချိန်၊ ကရင်ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေ နိုင်ငံရေးလိုလားချက် တိတိပပ မသတ်မှတ်နိုင်တဲ့ အချိန်မှာ ဒီလို တပ်မတော်ရဲ့ နယ်မြေချဲ့ ထွင်မှုတွေဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်" ဟု ပြောသည်။

    အစီရင်ခံစာ အဆိုရ လက်ရှိ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် ၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်ခြေစိုက် "ရထိုက် နိုင်ငံတကာ ဦးပိုင်ကုမ္မဏီ"(Yatai International Holding Group) နှင့် ဗိုလ်မှုးကြီး စောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် BGF တို့ အကြား သဘောတူညီချက်အရ ၎င်းရွှေကုက္ကိုလ်ရွာမှ ဧရာမကာစီနိုအလောင်းကစားစီမံကိန်းအား အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

    ဌာနေ တိုင်းရင်းသားများအနေဖြင့် မိမိတို့ ဒေသအတွင်း မြေယာနှင့်သယံဇာတများအား ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်းပုံအရ လွတ်လပ်စွာ စီမံခန့် ခွဲရန် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တင်ပြဆွေးနွေးနေသည့် အချိုန်၌ လက်ရှိ ရွှေကုက္ကိုလ်စီမံကိန်းသည် ငြိမ်းချမ်းရေးအတွက် အဟန့် တားတရပ်ဖြစ်စေသည်ဟု စောလေးကပေါက ဆိုသည်။ 

    ထိုသို့ စီမံကိန်း အကောင်အထည်ဖော်ခဲ့ရာတွင် ဒေသခံကရင်ပြည်သူများ၏ မြေယာများကို အတင်းအဓမ္မရယူခဲ့ခြင်း၊ အဆောက်အဦများကိုလည်း မြန်မာနိုင်ငံအရင်းနှီးမြှပ်နှံကော်မရှင်မှ ခွင့်ပြုထားသည်ထက် ပိုမိုချဲ့ ထွင် ဆောက်လုပ်ထားခြင်း၊ နိုင်ငံခြားသား တရုတ်လူမျိုး ထောင်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခွင့် နေထိုင်ခွင့် ပြုထားခြင်း၊  စသည့် ကိစ္စရပ်များမှာ ဥပဒေကို ချိုးဖောက်ခြင်းဟု အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည်။

    ဧရာမလောင်းကစားစီမံကိန်း လုံခြုံရေးအတွက် ကရင်နယ်ခြားစောင့်တပ်အပြင် တပ်မတော်စစ်စခန်း (၆) နေရာ ဝိုင်းရံကာကွယ်ထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ အဆိုပါအစီရင်ခံစာ ထုတ်နိုင်ရေးအတွက် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လကတည်းက အချက်အလက်များ ကောက်ယူခြင်း၊ ရှာဖွေခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်သည် ကရင်လူထုအခြေပြုအဖွဲ့ အစည်းများ ပါဝင်သည့် အကြီးမားဆုံးသော ကွန်ယက်တစ်ခုဖြစ်ပြီး ကရင်ပြည်သူများ၏ လူ့ အခွင့်ရေး၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးတို့ အတွက် အဖွဲ့ အစည်းများအကြား ဆက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

    Photo- "တို့ မြေအား လောင်းကစားပစ်ခြင်း" အစီရင်ခံစာမျက်နှာဖုံး(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks