ရန်လင်းအောင် (မော်လမြိုင်၊မတ်၂၄)
မြန်မာနိုင်ငံတွင် ကိုလိုနာဗိုင်းရက်စ် Covid 19 လူနာ တွေ့ရှိထားသည့်အတွက် မော်လမြိုင် တက္ကသိုလ်အပါအဝင် တက္ကသိုလ်များ အားလုံး ဖြေဆိုနေသည့် စာမေးပွဲကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောကြားသည်။
“မနေ့ညက ၁၁ ခွဲမှာ ဖြစ်ကြတယ် ညလယ်ပိုင်းမှာ သတင်းတွေရတယ် အဆင့်ပညာဦးစီးဌာနနဲ့ ဖုန်းတွေဆက်ကြတယ် ဒီမနက်ပိုင်းမှာ တက္ကသိုလ်မှာ အစည်းအဝေးတွေခေါ်လိုက်တယ် လက်ရှိဖြေဆိုနေတဲ့ စာမေးပွဲကို ရပ်ပြီးတော့ နောက်ပြန်လည်အဆင်ပြေသွားတဲ့ အချိန်မှာ စာမေးပွဲကို ဆက်လက်စစ်ဆေးသွားမှာပါ ” ဟု ဆိုသည်။
ထို့အတူ မော်လမြိုင်တက္ကသိုလ် ကျောင်းသား/ကျောင်းသူတွေအနေဖြင့် မတ်လ၂၄ ရက်နေ့နောက်ဆုံးထားပြီး အဆောင်များမှထွက်ခွာကြရန်နှင့် မိမိကိုယ်ကိုဂရုစိုက်ကြဖို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုမင်းသံစဉ်ဦးက ပြောသည်။
“မတ်လ၂၄ရက်နေ့ ဒီနေ့ပေါ့လေ အဆောင်ကနေ ထွက်ခွာပေးဖို့ ခုလည်းရှိပါတယ် ကြားအင်းဆိပ်ကြီးတို့ ဘာတို့ဘက်မှာဆိုရင် တချို့ရွာဆိုရင် အထွက်ပဲရှိတော့တယ် နယ်ခံမဟုတ်တဲ့သူတွေပေးထွက်တယ် တခြားသူတွေကိုမပေးဝင်တော့ဘူး ကျနော်တို့ကျောင်းသားတွေ နယ်ပြန်ရင် နည်းနည်းအခက်အခဲတွေရှိတာပေါ့နော်” ဟု ကိုမင်းသံစဉ်ဦးက ဆိုသည်။
အလားတူ ရန်ကုန်တက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မကွေးတက္ကသိုလ်များတွင် လက်ရှိကျင်းပနေသော စာမေးပွဲများကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာထုတ်ပြန်ခဲ့သည်။
ကျောင်းသူ ကျောင်းသားများအနေဖြင့် မိမိနေရပ်သို့ အမြန်ပြန်ကြပြီး ကျန်းမာရေးဌာန ညွှန်ကြားချက်တွေကို လိုက်နာနေထိုင်ကြရန် တက္ကသိုလ်ပညာရေးအဖွဲ့များက တိုက်တွန်းထားကြောင်း သတင်းများတွင် တွေ့ရှိရသည်။
တနိုင်ငံလုံးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၏ ပထမနှစ်ဝက်စာမေးပွဲ လက်ရှိကျင်းပနေချိန်ဖြစ်ပြီး ကျောင်းသူကျောင်းသား စုစုပေါင်း ၃ သိန်းခွဲကျော်ဝင်ရောက်ဖြေဆိုနေကြောင်း သတင်းရရှိသည်။
Covid-19 ရောဂါစောင့်ကြည့်မှုတွင် လူနာ ၂ ဦးကို ရောဂါပိုးတွေ့ရှိထားကြောင်း မတ်လ ၂၃ ရက်ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။