spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ဆေးရုံကြီးတွင် ထိုင်းနိုင်ငံမှ ပြန်ရောက်သည့် အလုပ်သမား(၂)ဦးကို စောင့်ကြည့်ကုသ

    မော်လမြိုင်ဆေးရုံကြီးတွင် ထိုင်းနိုင်ငံမှ ပြန်ရောက်သည့် အလုပ်သမား(၂)ဦးကို စောင့်ကြည့်ကုသ

    -

    ရန်လင်းအောင် (မော်လမြိုင်၊မတ်၂၃)

    မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် ထိုင်းနိုင်ငံမှပြန်ရောက်သည့် အလုပ်သမားနှစ်ဦးကို Covid 19 စောင့်ကြည့်လူနာအဖြစ် ထားရှိကုသထားကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာဝင်ပပဌေးက ပြောကြားသည်။

    “အဖျားရှိတယ် အဖျားရှိတဲ့အတွက် ဆေးရုံကြီးမှာသွားပြတယ် သူကို Quarantine ပေါ့နော် အိမ်မှာနေတာလည်း အဆင်မပြေတဲ့ အတွက်ကြောင့် Hospital Quarantine လုပ်ပြီး ထားထားတယ်လို့  ကျွန်မတို့သိရတယ်” ဟု ၎င်းက ဆိုသည်။

    အဆိုပါမော်လမြိုင်ဆေးရုံကြီးရှိ Covid19 စောင့်ကြည့်လူနာနှစ်ဦးသည် မတ်လ၂၂ ရက် ညအချိန်တွင် ထိုင်းနိုင်ငံမှ  မော်လမြိုင်မြို့ သွေးသောက်ရပ်ကွက်သို့ ရောက်ရှိခဲ့ပြီး မတ်လ ၂၃ ရက်နေ့ နံနက်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူလိုသည့်တွက် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသူကို Covid 19 စစ်ဆေးနေသည့် မော်လမြိုင်မြို့အဝင်သို့ လာရောက်စစ်ဆေးခံခဲ့သည်ဟု စောင့်ကြည့်လူနာကို ဆေးရုံပို့ဆောင်ပေးခဲ့သည့် ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

    “ရောက်ရှိလာတဲ့ အချိန်မှာ စပြီးတိုင်းတာတော့ ယောကျာ်းဖြစ်သူမှာ ကိုယ်အပူချိန်တက်နေတာတွေ့ရတယ် မိန်းမဖြစ်သူမှာ မတက်သေးဘူး အဲ့ဒါနဲ့ ကျွန်တော်တို့ တောက်လျှောက်လိုက်တာပေါ့ ဖြစ်စဉ်တွေမေးတယ် မှတ်တမ်းတွေရယူတယ် ခုနပေးနားလိုက်တယ် နောက်တစ်ခါတိုင်းတဲ့ အချိန်မှာ အဖျားမကျတာတွေ့ရတယ် သက်ဆိုင်တဲ့ ဒေသန္တရကျန်းမာရေးဆရာမကိုခေါ်ဆိုခဲ့တယ် ထပ်စစ်တဲ့ အချိန်မှာ နှစ်ယောက်လုံးအဖျားမကျဘဲ တက်နေတယ် တစ်နာရီလုံးလုံးရေတိုက်ကြည့်တယ် အဖျားကလုံးလုံးမကျဘူး ” ဟု ကိုဘိုဘိုဝင်းက ပြောသည်။

    ထိုသို့ အဖျားမကျသည့် ကျန်းမာရေးဌာနသို့ အကြောင်းကြားပြီး မော်လမြိုင်ဆေးရုံကြီး သီးသန့်စောင့်ကြည့်သည့် ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

    ထိုစောင့်ကြည့်လူနာနှစ်ဦး နေထိုင်ခဲ့သည့် သွေးသောက်ရပ်ကွက်ရှိနေအိမ်တွင် အတူနေမိသားစု ၆ ဦးကိုလည်း အဖျားမတွေ့သော်လည်း ကျန်းမာရေးဌာနမှ နေအိမ်တွင် ၁၄ ရက်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဟု ငန်းတေးရပ်ကွက် ကျန်းမာရေးမှူး ဦးဟန်ဝင်းထွန်းက ပြောသည်။

    “ညက ဘန်ကောက်အပြန် လူနှစ်ယောက်မှာ အဖျားရှိနေတယ် သံသယရှိတဲ့အတွက် ဆေးရုံကို ပို့လိုက်ပါတယ် အိမ်မှာရှိတဲ့ အတူနေမိသားစု ၆ ယောက်ကိုတော့ အဖျားတိုင်းကြည့်ပါတယ် အဖျားတစ်ယောက်မှ မရှိဘူးပေါ့နော် သူတို့ကိုလည်း ၁၄ ရက်ပြည့်တဲ့ အထိ စောင့်ကြည့်သွားမယ်ပေါ့” ဟု ဦးဟန်ဝင်းထွန်းက ဆိုသည်။

    မြဝတီမြို့မှ မော်လမြိုင်သို့ ဝင်ရောက်လာသည့် ကားများကို မတ်လ ၂၁ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့နှင့်  အရပ်ဘက်အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အပူချိန်တိုင်းတာခြင်း၊ ရောဂါ လက္ခဏာရှိမရှိစစ်ဆေးခြင်းတို့ကို အတ္တရံတံတားအဆင်းအဝိုင်းအနီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအများအပြားသည် ယခုအခါ ပြည်တွင်းသို့ပြန်လည် ဝင်ရောက်နေပြီ ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်းသို့ ရောဂါဝင်ရောက် ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားလာကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူ အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန် မဖြစ်နိုင်သည့်အတွက် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များ၌ အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယမန်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

    ထိုင်းမှ ပြန်လာသူများအနေဖြင့် Home Quarantine အတွက် သတ်မှတ်ထားသည့် အချက်များကို အသိစိတ်ဓာတ်ရှိစွာဖြင့် တိကျစွာလိုက်နာကာ (၁၄) ရက်ကာလအထိ နေအိမ်တွင် အသွားအလာကန့်သတ် နေထိုင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ရောဂါဖြစ်လျင်ဖြစ်ချင်း ချက်ချင်းသိရှိကာ လျင်မြန်စွာကုသမှုပေးနိုင်မည်ဖြစ်သလို မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည်ကို ၎င်းတို့အား သေချာစွာပြောကြားအသိပေးရမည်ဖြစ်ကြောင်း၊ နေအိမ်များတွင် အသွားအလာကန့်သတ်နေထိုင်သူများအနေဖြင့် နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည် ဖြစ်ကြောင်း ဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

    မြဝတီနယ်စပ်ဂိတ်၌  ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သောင်းကျော် ယခု ၃ ရက်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း သတင်းများတွင် တွေ့ရှိရသည်။

    Photo- မော်လမြိုင်မြို့ အဝင်ဂိတ်၌ ကျန်းမာရေးစစ်ဆေးစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks