Homeသတင်းသံဖြူရပ်မြို့နယ်ဆေးရုံ၌ ဝဲခမိကျေးရွာနေထိုင်သူတစ်ဦးကို Covid 19 စောင့်ကြည့်လူနာအဖြစ်ထားရှိ

သံဖြူရပ်မြို့နယ်ဆေးရုံ၌ ဝဲခမိကျေးရွာနေထိုင်သူတစ်ဦးကို Covid 19 စောင့်ကြည့်လူနာအဖြစ်ထားရှိ

-

ရန်လင်းအောင် (မော်လမြိုင်၊ မတ် ၁၉)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ဆေးရုံ၌ ဝဲခမိကျေးရွာနေထိုင်သူတစ်ဦးကို သီးခြားလူနာဆောင်၌ Covid 19 စောင့်ကြည့်လူနာအဖြစ် ထားရှိထားကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောကြားသည်။

“ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ အဆင့်နဲ့ငြိနေတဲ့အတွက် စောင့်ကြည့်နေတယ် သံဖြူဇရပ်ဆေးရုံ သီးခြား လူနာဆောင်မှာထားရှိပြီးတော့ ကုသသွားမှာဖြစ်ပါတယ်၊ ဒီနေ့(မတ် ၁၉ ရက်)မှာ အမှန်က သူကသက်သာနေပြီ၊ သူရဲ့လက္ခဏာက ကျွန်မတို့ သတ်မှတ်ထားတဲ့ အဆင့်နဲ့ငြိနေတဲ့အတွက် ရောဂါကို ရှာဖွေချင်တဲ့ သဘောပေါ့” ၎င်းကဆိုသည်။

အဆိုပါ Covid19 စောင့်ကြည့်လူနာသည် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး မတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာခြင်းဖြစ်ကြောင်း၊ မတ်လ ၁၄ ရက်နေ့တွင် ချောင်းဆိုးသည့်အတွက် ဝဲခမိတိုက်နယ်ဆေးရုံမှတဆင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကို လွဲပြောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောမြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးသော်လည်း  အစုလိုက် အပြုံလိုက် ကူးစက်လာနိုင်သည့်အတွက် ကျန်းမာရေးဌာနက အထူးစောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း တွေ့ရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါ သံသယဖြင့် စောင့်ကြည့်လူနာ ၁၅၇ ဦးရှိခဲ့သည့်အနက် ၁၅၁ ဦးတွင် ကိုရိုနာရောဂါပိုးမရှိသည်ကို အတည်ပြုထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် COVID-19 သံသယဖြင့်စောင့်ကြည့်ခံနေရသူများတွင် ၇ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါသေဆုံးလူနာ ၅ ဦးတွင် ကိုရိုနာရောဂါပိုး မရှိဟုအဖြေထွက်ခဲ့ပြီး ကျန် ၂ ဦးကို ဓာတ်ခွဲအတည်ပြုနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံအတွင်း COVID-19 ကိုရိုနာရောဂါပိုးကူးစက်ခဲ့ကြောင်း၊ ယနေ့စာရင်းများအရ လူပေါင်း ၂၂၀,၀၀၀ ကျော် ကူးစက်ခံခဲ့ရပြီး စုစုပေါင်း ၈,၉၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Photo-Covid-19 သံသယလူနာအား သံဖြူဇရပ်မြို့နယ်ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုပုံ( Min Thantzin)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts