ရန်လင်းအောင် (မော်လမြိုင်၊ မတ်၁၉)
ရော်ဘာစေးအထွက်နည်းသည့်ယခုနွေရာသီကာလတွင် ဈေးနှုန်းလည်းကျဆင်းနေသည့်အတွက် တောင်သူများအနေဖြင့် နှစ်ခါနာဖြစ်နေသည်ဟု မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးကျန်ရစ်က ပြောသည်။
“ဒီလိုကာလတွေမှာ ရော်ဘာအထွက်လျော့တယ် ဇန်နဝါရီ ဖေဖော်ဝါရီမှာအရွက်တွေကြွေပြီး ဖေဖော်ဝါရီမှာ အရွက်နုပြန်ထွက်လာတဲ့ အချိန်က ရော်ဘာစေးအထွက်လျော့တယ် တစ်ဝက်နည်းပါးကို လျော့တာ ပူတဲ့ချိန်ဆိုရင် ပိုလိုတောင်လျော့တယ် အဲ့တော့ ရော်ဘာအတွက်နှုန်းကလည်းလျော့တယ် ဈေးကလည်း ထပ်လျော့တယ်ဆိုတော့ ရော်ဘာတောင်သူတွေ တော်တော်အထိနာတာပေါ့” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် လေးနှစ်အတွင်း မြန်မာ့ရော်ဘာဈေးနှုန်းတွင် တစ်ပေါင်လျှင် မြန်မာငွေကျပ် ၇၀၀ ကျော် ၈၀၀ ဝန်းကျင်ရှိရာမှ ယခုခုနှစ် မတ်လအတွင်း ၆၀၀ ကျပ်အောက်အထိ ဈေးနှုန်းထိုးကျလာခြင်းဖြစ်သည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နေသောကြောင့် တရုတ်နိုင်ငံမှဝယ်လိုအားကျပြီး မြန်မာ့ရော်ဘာဈေးကျနေရသည်ဟုလည်း ရော်ဘာလုပ်ငန်းရှင်များက ယူဆသည်။
ယင်းသို့ ရော်ဘာဈေးနှုန်း ကျဆင်းလာသည့်အတွက် အစိုးရအနေဖြင့် ရော်ဘာအခြေခံဈေးနှုန်းသတ်မှတ်ပြီး အရေးပေါ်အစီအမံမျိုး လုပ်ဆောင်ပေးသင့်သည်ဟု ရော်ဘာလုပ်ငန်းရှင် နိုင်ရဲဇော်က ဆိုသည်။
“ဒီကာလက ခြံရှင်တွေရော အလုပ်သမားတွေကရော ဗုန်းဗုန်းလဲမကျသွားဖို့ အစိုးရအနေနဲ့ အရေးပေါ်အစီအမံတွေနဲ့ ထောက်ပံ့ပေးသင့်တယ်၊ ဘယ်လိုထောက်ပေးသင့်လဲဆိုရင် စပါးတုန်းကဆိုရင် သုံးသိန်းထက်မနည်း ကြမ်းခင်းဈေး သူထိန်းထားပေးလိုက်တယ်ပေါ့နော် သုံးသိန်း ကျွန်တော်တို့ရော်ဘာကိုလည်း ၅၀၀ ကျော်ဆို သိပ်နည်းနေတယ် ၇၀၀ ဝန်းကျင်လောက် ဆိုရင် မဆိုးဘူးပေါ့ ရပ်တည်နိုင်တယ် အဲ့လောက်မျိုး Save လုပ်ထားနိုင်တဲ့ အစီအမံတွေ ဒီအရေးအပေါ်အစီအမံမျိုးတွေ လုပ်ပေးသင့်တယ်” ဟု နိုင်ရဲဇော်က ပြောသည်။
ယခုကဲ့သို့ ရော်ဘာဈေးနှုန်းကျဆင်းနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းရပ်ဆိုင်းမှုများရှိလာသည့်အတွက် စိုးရိမ်စရာဖြစ်ကြောင်း နိုင်ကျန်ရစ်က ဆိုသည်။
မွန်ပြည်နယ်တွင် အလုပ်သမားရှားပါးမှုတွေကြောင့် ရော်ဘာဧက ၅ သိန်းရှိသည့်အနက် ဧက ၂ သိန်းခန့် အစေးမခြစ်နိုင်ဘဲ လုပ်ငန်းရပ်ဆိုင်းထားရသည်ဟု သိရသည်။