မွန်သတင်းအေဂျင်စီ(မတ် ၁၂)
ရေဖြူမြို့နယ်အတွင်း ယမန်နေ့က မြေမြှုပ်မိုင်းဒဏ်ရာပြင်းထန်စွာရရှိခံစားရသည့် ဒေသခံ ၂ ဦးစလုံး ရေးမြို့ပြည်သူ့ဆေးရုံကြီး၌ ခြေထောက်တစ်ဖက်စီ ဖြတ်တောက်လိုက်ရကြောင်း သတင်းရရှိသည်။
ရေဖြူမြို့နယ် ရေပူရွာသား နိုင်ဗိုင် (၃၃) နှစ်က ညာဘက်၊ ပေါင်မြို့နယ်ဇာတိ နိုင်ဝင်းလှိုင်(၄၅) နှစ်က ဘယ်ဘက် နှစ်ဦးစလုံး ဒူးခေါင်းအောက်တွင် ယမန်နေ့က ဖြတ်တောက်ခဲ့ရကြောင်း နီးစပ်သူများထံမှသိရသည်။
နိုင်ဗိုင်၏ ဦးလေးတော်စပ်သူ နိုင်သန်းဦးက “ ခြေထောက်တစ်ဖက်ဖြတ်ပစ်ရပြီးတော့ ရေးမြို့ပြည်သူ့ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေပါတယ်” ဟု ဆိုသည်။
ယမန်နေ့က မျောက်ချောရွာမှ နိုင်ဗိုင်က နံနက် ၈ နာရီအချိန်ခန့်တွင် ကလယ်(ဒေသအခေါ်အဝေါ်တစ်ခု)အနီး ရေပိုက်သွားရောက်ပြုပြင်စဉ် မြေမြှုပ်မိုင်းတစ်လုံးနင်းမိပြီးနောက် နံနက် ၉ နာရီခန့်တွင် နိုင်ဝင်းလှိုင်က အိုင်ရှည်ရွာအနီးရှိလမ်းမပေါ်၌ နောက်ထပ်မြေမြှုပ်မိုင်းတစ်လုံး နင်းမိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၂ ခုစလုံးသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေအတွင်း ဖြစ်ပေါ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ NMSP နှင့် KNU တပ်ဖွဲ့လှုပ်ရှားဒေသဖြစ်သော ရေဖြူမြို့နယ်အတွင်း သွားလာလုပ်ကိုင်စားသောက်နေကြသည့် ခြံသမားအများစုက ယခုနှစ်တွင် ၃ ကြိမ်ထက်မနည်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။