Homeငြိမ်းချမ်းရေးဖက်ဒရယ်အခြေခံမူစာတမ်းကို တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ အတည်ပြု

ဖက်ဒရယ်အခြေခံမူစာတမ်းကို တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ အတည်ပြု

-

မွန်သတင်းအေဂျင်စီ (မတ် ၂)

တိုင်းရင်းသားလက်နက်ကိုင်များအသုံးပြုမည့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ဘုံသဘောတူညီချက်စာတမ်းကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ထိပ်သီးခေါင်းဆောင်များက အတည်ပြုကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ကရင်နီတိုးတက်ရေးပါတီ KNPP ဥက္ကဌ အေဘယ်တွိနှင့် ချင်းအမျိုးသားတပ် CNF ဥက္ကဌ ပူဇင်ကျုံးတို့က တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 

အစည်းအဝေးပြောခွင့်ရ KNPP ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က “အဓိကကတော့ ဖက်ဒရယ်ကို ဘယ်လိုပုံစံနဲ့တည်ဆောက်သွားမလဲဆိုတဲ့နေရာမှာ အနာဂတ်ဖက်ဒရယ်ရဲ့ အစိုးရပုံစံ၊ တရားဥပဒေပိုင်းဆိုင်ရာ ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လွှတ်တော်ပိုင်းဆိုင်ရာတွေကို ဘယ်လိုလုပ်မလဲ အချက်တွေပါမယ်” ဟု ဆိုသည်။

ဖက်ဒရယ်အခြေခံမူ ၂၄ ချက်ကို ဘုံသဘောတူညီချက်စာတမ်းအဖြစ် သဘောတူညီခဲ့ခြင်းအပါအဝင် အထက်ပါ ဖက်ဒရယ်အခြေခံမူများကိုင်စွဲပြီး ကျန်ရှိသည့်အဖွဲ့များပါဝင်လာရေး ဆွေးနွေးသွားရန်။ ဆွေးနွေးပွဲရလဒ်များမှရရှိလာသောအချက်အလက်များကို ပြန်လည်ညှိနှိုင်းသွားရန်နှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆက်လက်ပြုလုပ်သွားရန် စသည့် ရပ်တည်ချက် ၄ ချက်ဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

ထို့အတူ အစည်းအဝေးပြောခွင့်ရသူ စိုင်းလျန်က “အပြီးသပ်ကြီးအတည်ပြုတယ်ဆိုတာထက် Working Document အနေနဲ့ ဆက်ပြီးညှိနှိုင်းစရာရှိတာ ညှိနှိုင်းသွားဖို့ အဓိကကျတာပေါ့၊ Guiding Principle ၂၄ ချက်ကိုတော့ အများအားဖြင့် အားလုံးနီးပါသဘောတူတယ်ဆိုတဲ့ သဘောထားတော့ ရတယ်၊ နောက် ကျန်တဲ့အခြားအချက်အလက်တွေတော့ ဆက်ပြီးလေ့လာဖို့ရှိတယ်၊ နောက်ပြီး ဆက်ပြီးတော့ ညှိနှိုင်းဖို့ရှိတယ်” ဟု ဆိုသည်။

အဆိုပါလုပ်ငန်းစဉ်များအကောင်အထည်ပေါ်လာစေရန် KNPP ဒုဥက္ကဌ ခူဦးရယ်ကို လုပ်ငန်းအကောင်အထည်ဖော်ရေး အလုပ်အဖွဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ထားပြီး အဖွဲ့ဝင်များတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ထဲမှ တစ်ဖွဲ့လျင် ၂ ဦးစီပါဝင်ကြောင်း သိရသည်။

Photo- တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ(NMSP)

ထို့ပြင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက “ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးထားတာက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြည်နယ် ၇ ခု၊ တိုင်းဒေသကြီး ၇ ခုရှိပါတယ်၊ ဒါကိုကျနော်တို့ လက်မခံနိုင်ဘူး၊ တိုင်းဒေသကြီးတွေကို အတတ်နိုင်ဆုံးလျော့ချပြီး တဖက်မှာ ဗမာပြည်နယ်တစ်ခု ဖွဲ့စည်းပေးရမယ်” ဟု မကြာမီရက်ပိုင်းက ကျင်းပသည့်ငြိမ်းချမ်းရေးစကားဝိုင်းတစ်ခုတွင် ပြောကြားခဲ့သည်။  

လက်ရှိဖက်ဒရယ်အခြေခံမူကို ၂ နှစ်ကျော်ခန့် အချိန်ယူရေးဆွဲခဲ့ပြီးမှ ဖေဖော်ဝါရီ ၂၈-၂၉ ရက်နေ့များတွင် နောက်ဆုံးဆွေးနွေးအတည်ပြုခဲ့ရာ၌ NCA လက်မှတ်ထိုးပြီးအဖွဲ့များဖြစ်သော KNU,RCSS, CNF, ဒီမိုကရက်တစ် ကရင့်အကျိုးပြုတပ်မတော် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC, ၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF, မွန်ပြည်သစ်ပါတီ NMSP, လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် KIO, KNPP အဖွဲ့များပါဝင်ကြောင်း သိရသည်။   

Photo; တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့အစည်းအဝေး(NMSP)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts