မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ-၂)
လက်ရှိ မွန်ဘာသာစကားပြောဆိုနေမှုတွင် အခြားဘာသာစကားများ ရောနှောပါဝင်လာသဖြင့် လူမျိုးကွယ်ပျောက်မည့်အရေးကို သတိကြီးကြီးဖြင့်ပြုပြင်ထိန်းသိမ်းကြဖို့ ယနေ့နံနက်က ကျင်းပသော ထိုင်းနိုင်ငံ မွန်အမျိုးသားနေ့အခမ်းအနားတွင် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ တိုက်တွန်းလိုက်သည်။
“ထိုင်းမွန်တွေ မွန်စကားပြောဆိုတဲ့အခါ ထိုင်းစကားထိုင်းဝေါဟာရတွေ တော်တော်လေးရောနှောကြကုန်ပြီ ၊ အသက် ၂၀ အောက် ထိုင်းမွန်လူငယ်တွေ မွန်စကားပြောမတတ်ကြတော့ဘူး၊ ဒီတော့ အခုမွန်လူကြီးတွေ လူ့သက်တမ်းစေ့လို လွန်မြောက်(ကွယ်လွန်) သွားတဲ့အခါကျရင် ထိုင်းမွန်တွေပျောက်ကွယ်သွားနိုင်တယ်၊ ဒါကြောင့် လူမျိုးကွယ်ပျောက်သွားနိုင်တဲ့အရေးကို ကျနော်တို့သတိကြီးကြီးထားပြီးတော့ ပြုပြင်ထိန်းသိမ်းသွားဖို့လိုတယ်၊” ဟု နိုင်ဟံသာက ဆိုသည်။
ထိုင်းနိုင်ငံလုံးဆိုင်ရာ (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို Samut Sakhom ခရိုင်၊ Meung မြို့နယ်၊ Ban Bang Chakreng မွန်ကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ မွန်ပြည်သစ်ပါတီဥက္ကဌ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “ကျနော်တို့နိုင်ငံထဲမှာဆိုရင်လည်းပဲ မွန်တော်တော်များများက ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နိုင်ငံတွေ အလုပ်သွားလုပ်နေကြတဲ့အတွက် ကျနော်တို့မွန်ဒေသမှာ အခြားလူမျိုးတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်အလုပ်လုပ်ကိုင်ကြပါတယ်၊ အချို့မွန်ရွာတွေက ဗမာရွာဖြစ်သွားတယ်၊ မြို့ပေါ်ကမွန်တွေ မွန်စကားပြောမတတ်တဲ့ အခြေအနေမျိုးရောက်သွားပြီ ၊ လူငယ်တွေ ကျောင်းသားတွေ မွန်စကားပြောဆိုတဲ့နေရာမှာ ဗမာစကားတော်တော်များ ရောနှောနေကြကုန်ပြီ၊ ဒီလိုမျိုးလက္ခဏာတွေဟာ မကြာမီမှာ မွန်လူမျိုးတွေ ကွယ်ပျောက်သွားတော့မယ့် အနေအထားပါ” ဟု ဆက်ပြောသည်။
ကုလသမဂ္ဂလက်အောက်ခံ ယူနက်စကိုအဖွဲ့အစည်း၏ သုတေသနလေ့လာတွေ့ရှိချက်အရ ကမ္ဘာပေါ်ရှိ အချို့လူနည်းစုတို့သည် မကြာမီဆယ်စုနှစ်များအတွင်း ကွယ်ပျောက်တော့မည့်အခြေအနေတွင် မွန်လူမျိုးလည်း ပါဝင်နေသည့်ဟုသိရကြောင်း၊ ထို့ကြောင့် မွန်တို့၏ကံကြမ္မာ မွန်တို့ဖန်တီးနိုင်ရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်နှင့် မိမိတို့ဘာသာစကား စာပေကို ထိန်းသိမ်းသွားရန်ဆိုသည်မှာ မွန်လူမျိုးတိုင်း၏ သမိုင်းပေးတာဝန်ဖြစ်ကြောင်း ဆက်လက်တိုက်တွန်းပြောကြားလိုက်သည်။
ဘန်ကောက်မြို့ မွန်လူငယ်အသင်း ဥက္ကဌ နိုင်အလင်ကွန်းက “ကျနော်တို့ ထိုင်းမွန်တွေက ခရိုင် ၃၇ ခုမှာပြန့်နှံ့နေပါတယ်၊ တစ်နှစ်မှာ ခရိုင်တစ်ခုအလှည့်ကျ လှည့်လည်ပြီးတော့ မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပတယ်၊ ရိုးရာဓလေ့တွေ ထိန်းသိမ်းဖော်ထုတ်တယ်၊ မွန်စာပေသင်တန်းတွေလည်း သင်ပေးတယ်၊ ဟံသာဝတီပြည်(မြန်မာနိုင်ငံ)ကမွန်တွေ အမျိုးသားနေ့ ဗဟိုကျင်းပတဲ့ တပို့တွဲလပြည့်ကျော်(၁) ရက်နေ့ကျရင် ကျနော်တို့အခမ်းအနားသွားတက်ကြမယ်” ဟု ဆိုသည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ ခရိုင်အသီးသီးမှ မွန်အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းမွန်အလုပ်သမားများ၊ ယဉ်ကျေးမှုအဖွဲ့များအပါအဝင် အင်အားတစ်ထောင်ကျော်တို့က Ban Bang Chakreng မွန်ကျေးရွာကို လှည့်လည်၍ ဟံသာဝတီမွန်နေပြည်တော်မှ လွန်လေခဲ့ပြီးသော မွန်ဘိုးဘွားဘီဘင် စစ်သည်သူရဲကောင်းအပေါင်းတို့အား အောက်မေ့ဖွယ်အခမ်းအနားဖြင့် ဆုတောင်းဂါရဝပြုကြသည်။
အလားတူ ယခုနှစ် မော်လမြိုင်မြို့တွင်အလှည့်ကျသည့် (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ မွန်ပြည်နယ်လွှတ်တော်အနီး၌ လာမည့် ဖေဖော်ဝါရီ ၉ ရက်နေ့နံနက်တွင် လူထုစစ်ကြောင်းများဖြင့် ချီတက်ကြမည်ဟု သိရသည်။
ထို့ပြင် ညဘက်အစီအစဉ်များတွင် မွန်အဆိုအကအတီးပြိုင်ပွဲများ၊ မွန်ယဉ်ကျေးမှုမယ်ရွေးပွဲနှင့်အတူ ပြခန်းများ၊ ယိမ်းပဒေသာအကများ၊ ခေတ်ဟောင်းခေတ်ပေါ် စင်တင်တေးဂီတများဖြင့် မွန်အမျိုးသားနေ့အကြိုမှစတင်၍ ၃ ညတိုင်တိုင် ဖြော်ဖြေပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီက အသိပေးနှိုးဆော်ထားသည်။