spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းရေးမြို့ အာဇာနည်ဗိမာန်ဖျက်ဆီးသည့်အမှုတွင် လူငယ် ၄ ဦး ဖမ်းဆီးမိ

    ရေးမြို့ အာဇာနည်ဗိမာန်ဖျက်ဆီးသည့်အမှုတွင် လူငယ် ၄ ဦး ဖမ်းဆီးမိ

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ-၁)

    မွန်ပြည်နယ် ရေးမြို့ အာဇာနည်ဗိမာန် လက်ရန်းနှင့် သံကြိုးများအား ဖျက်ဆီးခဲ့သည့်အမှုတွင် လူငယ် ၄ ဦးကို ယနေ့ မွန်းလွဲအချိန်က ရေးမြို့ မြသီတာဈေး၌ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

    “ ဖမ်းမိပြီ လူငယ် ၄ ယောက်၊ ကွင်းဆက်အရ အဲဒီညက သူတို့စီးလာတဲ့ ဆိုင်ကယ်နံပါတ်ကို ကျနော်တို့ ရထားတယ်၊ ရဲကရတာမဟုတ်ဘူးနော်၊ အဲဒီရထားတဲ့ဆိုင်ကယ်နံပါတ်ကနေ အစပြုပြီးတော့ လိုက်တဲ့အချိန်မှာ ဒီနေ့အဲဒီဆိုင်ကယ်စတွေ့ပြီး စောင့်ကြည့်ရင်းနဲ့ မြသီတာဈေးမှာ ဖမ်းမိတာဖြစ်တယ်” ဟု ရေးတော်ဝင်အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက ပြောသည်။ 

    ဖမ်းဆီးမိသူများမှာ ၁။ ရာဇာထွန်း(၂၂)နှစ်၊ (ဘ)ဦးခင်မောင်ကြည်၊(မွန် /အစ္စလာမ်) အရောင်းဝန်ထမ်း၊ ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့၊ ၂။ ဆန်းပိုင်ထွေး(ခ)ပိုင်ပိုင် (၂၁)နှစ်၊ (ဘ)ဦးထွန်းဦး၊ (မွန် /အစ္စလာမ်) ဈေးရောင်း၊ ချောင်းတောင်ကျေးရွာ၊ ရေးမြို့နယ်၊ ၃။ ဇော်ဝင်းထွဋ်(၂၂)နှစ်၊ (ဘ)ဦးဝင်းနိုင်၊ (မွတ်ဆလင်/ အစ္စလာမ်) ယာဉ်မောင်း၊ အောင်မေတ္တာရပ်ကွက်၊ ရေးမြို့ ၊ ၄။ သီဟ(၂၄)နှစ်၊ (ဘ)ဦးခင်ဦး၊ (မွန်/ဗုဒ္ဓ) ရတနာဆီဆိုင်ဝန်ထမ်း၊ ကျိုက္ခမီမြို့ နေထိုင်သူတို့ဖြစ်ပြီး ရေးမြို့မရဲစခန်းမှ (ပ) ၁၀၉/ ၂၀၂၀၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

    သို့သော် ယင်းကဲ့သို့ အာဇာနည်ဗိမာန်ဖျက်ဆီးခံရခြင်းဖြစ်စဉ်တွင် နိုင်ငံရေး၊ လူမျိုးရေးနှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း၊ ဖျက်ဆီးသည့် လူငယ်များသည် အရက်သေစာ မူးယစ်သောက်စားထားသဖြင့် ဆင်ခြင်တုံ တရားကင်းမဲ့စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ သုံးသပ်ထားသည်။

    အဆိုပါအာဇာနည်ဗိမာန်မှ အလှဆင်လက်ရန်းတိုင် (၁၂)တိုင်နှင့် ကာရံထားသည့်သံကြိုးများကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့ည ၁၀ နာရီအချိန်ခန့်တွင် အဆိုပါလူငယ် ၄ ဦးတို့ ရိုက်ချိုးဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၌ ထွက်ဆိုခဲ့ပြီး ဖြစ်သည်။

    ယင်းသို့ ဖျက်ဆီးခံရမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်(၇)သိန်းခန့်ဆုံးရှုံးခဲ့သည့်အတွက် ရေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က တရားလိုပြုလုပ်၍ ရေးမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့သည်။

    လူနေအိမ်နှင့် ဝေးကွာသည့် အဆိုပါ အာဇာနည်ဗိမာန်၌ ညဘက်တွင် မူးယစ်ဆေးသုံးစွဲသူ၊ အရက်သေစာသောက်စားမူးယစ်သူ၊ သမီးရည်းစားချိန်းတွေ့သည့် လူငယ်များလာရောက်လေ့ရှိကြောင်း မြို့ခံများမှ သိရသည်။

    ယင်း အာဇာနည်ဗိမာန်ကို ရေးမြို့နယ် NLD ပါတီမှ ဦးဆောင်၍ မြို့ခံများ၏ ထည့်ဝင်ငွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထည့်ဝင်သည့်ငွေ စုစုပေါင်း ကျပ်သိန်း(၃၀၀)ခန့်ဖြင့် ဆောက်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၉ အာဇာနည်နေ့အခမ်းအနားတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    Photo- ရေးမြို့အာဇာနည်ဗိမာန်ဖျက်ဆီးမှုဖြင့် ဖမ်းဆီးရမိသောလူငယ် ၄ ဦး(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts