မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၂၁)
မော်လမြိုင်တက္ကသိုလ် မွန်စာပေယဉ်ကျေးမှုဆပ်ကော်မတီမှ ဦးဆောင်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မွန်ကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့က တက္ကသိုလ်ပင်မခန်းမဆောင်၌ ကျင်းပခဲ့သည်။
တက္ကသိုလ်သို့ ရောက်ရှိလာသော မွန်ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့များတွင် ပါဝင်ဆောင်ရွက်လိုသောစိတ်ဓါတ်နှင့် မွန်စာပေယဉ်ကျေးမှုဆပ်ကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်လာရေးရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ဆပ်ကော်မတီအတွင်းရေးမှူး မင်းလဝီကျဲချမ်းက ဆိုသည်။
“ဒီနှစ်မှာ မွန်ကျောင်းသား/သူ အသစ် အတော်များများ မော်လမြိုင်တက္ကသိုလ်တက်လာကြတာတွေ့ရတယ်၊ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ ဒီနှစ်မှာ ကျနော်တို့ မွန်စာပေယဉ်ကျေးမှုဆပ်ကော်မတီကို မွန်ကျောင်းသားကျောင်းသူ တစ်ထောင်ကျော် အဖွဲ့ဝင်သစ်အဖြစ် ဝင်ရောက်လာတယ်၊ သူတို့ကိုကြိုဆိုတဲ့အနေနဲ့ အခုမောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရတာပါ” ဟု မင်းလဝီကျဲချမ်းက ပြောသည်။
ကြိုဆိုပွဲအခမ်းအနားတွင် မော်လမြိုင်တက္ကသိုလ် မွန်စာပေယဉ်ကျေးမှုဆပ်မကော်မတီအကြောင်းအရာနှင့် မိမိတို့ကော်မတီ၏ လှုပ်ရှားဆောင်ရွက်နေမှုများကို အဖွဲ့သစ်များအား ရှင်းလင်းတင်ပြခဲ့သည်ဟု ဆိုသည်။
မင်းလဝီကျဲချမ်းက “လှုပ်ရှားမှုတွေက ပထမဦးဆုံးက တက္ကသိုလ်ကျောင်းဝင်းထဲမှာ အဖွဲ့ဝင်သစ်လျှောက်လွှာတွေဖြန့်ဝေတယ်၊ မောင်မယ်သစ်ကြိုဆိုပွဲကျင်းပမယ်၊ သက်ဆိုင်ရာတိုင်းရင်းသားတွေရဲ့နေ့ထူးနေ့မြတ်အခမ်းအနားတွေမှာ ဈေးရောင်းမယ်၊ မွန်ရိုးရာထမင်းနဲပြိုင်ပွဲတွေကျင်းပမယ်၊ နောက်ပိုင်းမှာ မွန်စာပေသင်တန်း၊ အကသင်တန်း၊ ဓမ္မစကြာရွတ်တာ ဥပသကာအလှူခံဆင်းတာ ပြီးတော့ နောက်ဆုံးနှစ်ကျောင်းသား/သူ ဂုဏ်ပြုပွဲကျင်းပတာ ရှိတယ်” ဟု ဆက်ပြောသည်။
ထို့အတူ တက္ကသိုလ်သို့ တက်ရောက်လာသော မွန်ကျောင်းသူ/သားအားလုံး မွန်စာပေယဉ်ကျေးမှုကော်မတီအသင်းဝင်ဖြစ်စေလိုကြောင်း နောက်ဆုံးနှစ်ကျောင်းသူ မိပိုန်သာယာက တိုက်တွန်းလိုက်သည်။
“တက္ကသိုလ်ကိုတက်ခွင့်ရတဲ့ ကျမတို့မွန်တိုင်းရင်းသားတွေအားလုံး စာပေယဉ်ကျေးမှုအသင်းဝင်ပါလို့ တိုက်တွန်းလိုပါတယ်၊ မိမိတို့ မွန်လူမျိုးရဲ့ စာပေနဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်းရောက်တဲ့အတွက် အလွန်မွန်မြတ်တဲ့အလုပ်ပါ” ဟု မိပိုန်သာယာက ပြောသည်။
မော်လမြိုင်တက္ကသိုလ် မွန်စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီအား ၁။ မွန်စာပေအရှိန်မြှင့်တင်ရေး ၂။ မွန်ရိုးရာဓလေ့ထုံးဓမ်းယဉ်ကျေးမှုတို့ကို ဖော်ထုတ်ရေး ၃။ မွန်တက္ကသိုလ်ကျောင်းသူ/သားများ စာပေယဉ်ကျေးမှုထိန်းသိမ်းရေး ၄။ မွန်အသင်းအဖွဲ့ဝင်များ စွမ်းရည်မြင့်မားရေး ၅။ အနာဂတ်မွန်ခေါင်းဆောင်များ မွေးထုတ်ရေး စသည့်ရည်ရွယ်ချက် ၅ ရပ်ဖြင့် ၁၉၆၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။