spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပြီးခဲ့သည့်သန်းခေါင်ယံ ဂျပန်ရေတွင်းပစ်ခတ်မှုဖြစ်စဉ်တွင် မွန်ပြည်သစ်ပါဝင်ပတ်သက်ခြင်းမရှိဘဲ တပ်နှင့် BGF တိုက်ပွဲအတုဖန်တီးမှုဖြစ်နိုင်သလို အချင်းချင်းမှားယွင်းပစ်ခတ်နိုင်သည်ဟုဆို

    ပြီးခဲ့သည့်သန်းခေါင်ယံ ဂျပန်ရေတွင်းပစ်ခတ်မှုဖြစ်စဉ်တွင် မွန်ပြည်သစ်ပါဝင်ပတ်သက်ခြင်းမရှိဘဲ တပ်နှင့် BGF တိုက်ပွဲအတုဖန်တီးမှုဖြစ်နိုင်သလို အချင်းချင်းမှားယွင်းပစ်ခတ်နိုင်သည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းရွာအနီးတဝိုက်၌ ယခုညသန်းခေါင်ယံနှင့် နံနက်ပိုင်းအကူးချိန် လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် အဆက်မပြတ်ပစ်ခတ်နေသည့်အသံများ နာရီဝက်ခန့်အကြာဖြစ်ပေါ်ခဲ့ရာတွင် မွန်ပြည်သစ်တပ်ဖွဲ့ဝင်များ လုံးဝပါဝင်ပတ်သက်ခြင်းမရှိဘဲ တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ တိုက်ပွဲအတုဖန်တီးမှုဖြစ်နိုင်သလို အချင်းချင်းမှားယွင်းပစ်ခတ်နိုင်သည်ဟုလည်း မွန်ပြည်သစ်ပါတီ NMSP တာဝန်ရှိသူများက ယူဆသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်အုပ်ချုပ်ရေးဒေသ ဒုတိယအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး M စိုက်ချမ်းက “ညက သေနတ်သံတွေ လက်နက်ကြီးသံတွေမြည်တယ်၊ ကျနော်တို့တပ်ဖွဲ့တွေက ဗဟိုညွှန်ကြားထားတဲ့အတိုင်းပဲ မိမိရောက်ရှိနေတဲ့နေရာမှာ ဒီအတိုင်းနေနေပြီး နေရာယူထားတာဖြစ်တယ်၊ အခုဖြစ်စဉ်မှာတော့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ လုံးဝမပါတာ သေချာတယ်” ဟု ပြောသည်။ 

    ယင်းကဲ့သို့ နာရီဝက်နီးပါးအကြာခန့် သေနတ်သံများအဆက်မပြတ်ထွက်ပေါ်နေရသည်မှာ တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ တိုက်ပွဲအတုဖန်တီးမှုဖြစ်နိုင်သလို အချင်းချင်းမှားယွင်းပစ်ခတ်နိုင်သည်ဟုလည် ယူဆစရာရှိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုဖြစ်စဉ်များကို မွန်ပြည်သစ်ပါတီက ဆက်လက်စုံစမ်းလျက်ရှိသည်ဟု ဆိုသည်။

    ယင်းကဲ့သို့ တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ဝင်ရောက်ထိန်းချုပ်ထားသည့် ဂျပန်ရေတွင်းကျေးရွာအခြေစိုက် မွန် (NMSP) တပ်တည်စခန်းကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ၌ ယနေ့(ဒီဇင်ဘာ ၂ ) ရက်နေ့တွင် တပ်မတော်နှင့် မွန်ပြည်သစ် နှစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးကြမည့်ဖြစ်စဉ်နှင့် မည်ကဲ့သို့သက်ရောက်မှုဖြစ်နိုင်သည်ကို ဆက်စပ်တွေးတောစရာရှိသည်ဟုလည်း ၎င်းကဆိုသည်။

    “ဟုတ်ကဲ့ အခုည ၁၂ နာရီမှာ ကျနော်တို့ဘုရားသုံးဆူမြို့ ရဲစခန်းဘက်အခြမ်းမှာ တိုက်ပွဲသံတွေကျနော်တို့ ကြားနေရတယ်၊ လက်နက်ကြီးအသံတွေရော လက်နက်ငယ်အသံတွေပါ အကုန်လုံးကြားနေရတယ်၊ အသံတွေအတိုင်းသား ကြားနေရတယ်၊ အခုပစ်နေပါတယ်၊ အသံတွေဆက်တိုက်ပါပဲ ကြားရ၊ ဒီလိုမျိုးစစ်ပွဲတွေဖြစ်နေရင် ဘုရားသုံးဆူဒေသက မငြိမ်းချမ်းဘူး၊ အခုအချိန်ဘုရားသုံးဆူအပြင်ဘက်မှာဖြစ်နေလို့၊ မြို့တွင်းမှာ ဒီလိုမျိုးတွေသွားဖြစ်ရင် ပြည်သူတွေနေစရာရှိမှာမဟုတ်တော့ဘူး” ဟု ဘုရားသုံးဆူမြို့ခံ Saw Jet ဆိုသူက ယင်းဖြစ်စဉ်များကို Facebook Live ဖြင့် လွှင့်တင်ခဲ့သည်။

    ထို့အတူ ဂျပန်ရေတွင်း၊ ကြံတောနှင့် တပ်ရင်း(၃) ကျေးရွာသားများ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ခလေးများ ၅၀၀ ထက်မနည်း ထိုင်းနယ်မြေထဲသို့ဝင်ရောက်ခိုလှုံနေရဆဲဖြစ်ပြီး ၎င်းကျေးရွာရှိ မွန်အမျိုးသားစာသင်ကျောင်းများလည်း ပိတ်ထားရသည်။

    “အခြေအနေက ရှုပ်ထွေးစပြုလာသလိုပဲ၊ ဒီတပ်တွေရွာထဲဆက်ရှိနေမယ်ဆိုရင် ဘယ်သူမှလည်း အိမ်ပြန်ရဲမှာမဟုတ်ပါဘူး၊ မနေ့နေလည်က ရွာလူကြီးတွေပြောတာ အိမ်ပြန်လို့ရတယ်ဆိုတော့ အိမ်ခဏပြန်သွားကြည့်တာ အိမ်တွေအဖောက်ခံရတာရှိတယ်၊ ကြက်ဝက်တွေလည်း ပျောက်ကုန်ပြီ၊ အခုပစ္စည်းတွေရသလောက် သယ်လာခဲ့တယ်” ဟု ဂျပန်ရေတွင်းရွာသူ မိစန္ဒာက ပြောသည်။ 

    မွန်ပြည်သစ်တပ်ဖွဲ့၊ မိသားစုဝင်များနှင့် မှီခိုသူများ သီးသန့်နေထိုင်နိုင်ရန် ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပထမအကြိမ်အပစ်ရပ်သဘောတူညီချက်အရ ဂျပန်ရေတွင်းတပ်တည်စခန်းကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် Bilateral ဒုတိယအပစ်ရပ်သဘောတူညီချက်တွင်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ထပ်မံသဘောတူညီခွင့်ပြုထားသည့်နေရာ ဖြစ်သောကြောင့် ဤဒေသတွင် တိုက်ပွဲများမဖြစ်ပေါ်ခဲ့သည်မှာ ၂၅ နှစ်နီးပါးပြည့်တော့မည်ဖြစ်သည်။

    Photo- လက်နက်ထိမှန်သေဆုံးခဲ့သော တပ်မတော်(သို့မဟုတ်) BGF တပ်ဖွဲ့ဝင်တစ်ဦး(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks