spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေးမြို့အနောက်ခြမ်း ဖာလိန်ဒေသတွင် မဂဒူးအဖွဲ့က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆောင်ရွက်

    ရေးမြို့အနောက်ခြမ်း ဖာလိန်ဒေသတွင် မဂဒူးအဖွဲ့က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆောင်ရွက်

    -

    ဝဏ္ဏမာန်(အောက်တိုဘာ-၂၉)

    မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျစေရန်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများ သိရှိနားလည်နိုင်စေရေးအတွက် ရေးမြို့အခြေစိုက် မဂဒူးမွန်ဒေသဖွံ့ဖြိုးရေးအဖွဲ့ MACDO-Mon Area Community Development Organization မှ ရေးမြို့နယ်အနောက်ခြမ်း ဖာလိန်ဒေသတွင်ရှိသော အထက်တန်းကျောင်းများ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဒူးယားနှင့် အံဒင်ကျေးရွာ အထက်တန်းကျောင်းများရှိ ၉ တန်းနှင့် ၁၀ တန်းကျောင်းသားကျောင်းသူလေးများအား အောက်တိုဘာလ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သွားရောက် ဟောပြောခြင်းဖြစ်သည်။

    “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအန္တရာယ်တွေဖြစ်နိုင်တယ်ဆိုတာရယ်၊ မူးယစ်ဆေးဝါက ဘယ်ကနေ စတင်ဖြစ်ပေါ်လာတယ်ဆိုတာရယ်၊  ဘယ်ပုံဘယ်နည်းနဲ့ ပျံ့နှံ့နေတယ်ဆိုတာရယ်၊ သုံးစွဲမိရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတာရယ်၊ ဥပဒေကလည်း ဘယ်လိုတားမြစ်ပြီး ဘယ်လိုပြစ်ဒဏ်တွေ ပေးတယ်ဆိုတာရယ် စတာတွေကို ရှင်းပြပေးဖြစ်ပါတယ်" ဟု မဂဒူးအသင်း၏ မူးယစ်တိုက်ဖျက်ရေးကဏ္ဍမှ နိုင်ရော့ထောက ပြောသည်။

    အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် လှုပ်ရှားမှုများ၊ ကာကွယ်ရေးများ၊ အသိပညာပေးလုပ်ငန်းများ စသဖြင့် အစဉ်တစိုက်ပြုလုပ်လာခဲ့ကြသော်လည်း မွန်ဒေသတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းသည် လျော့နည်းသွားခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

    “ရွာတွေမှာ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးတွေက အခုဆိုရင် မြင်းဆေး(စိတ်ကြွရူးသွပ်ဆေး) တွေ၊ ဘိန်းစာရွက်တွေပေါ့။ ဘိန်းစာရွက်ပြုတ်ရည်က သုံးတဲ့သူတွေ များများလာတာကိုတော့ မျက်မြင်ပဲ၊ ဘယ်လိုပွဲမျိုးတွေမှာမဆို အဲဒီ ဘိန်းစာရွက်ပြုတ်ရေမပါရင်ကို ပွဲမပြီးသလိုဖြစ်နေကြတယ်၊ သုံးစွဲသူအများစုကတော့ လူငယ်ပိုင်းတွေပါပဲ”  ဟု ရေးမြို့နယ်၊ အာယုတောင်ကျေးရွာမှ နိုင်ဘိုင်က ပြောသည်။

    ရေးမြို့နယ်အတွင်းရှိ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းမြင့်မားနေသည့်အတွက် ဒေသခံများအနေဖြင့် ၎င်းတို့၏ ဥယျာဉ်ခြံများသို့ သတိ၊ စိုးရိမ်စိတ်များဖြင့် သွားလာနေရသလို ခြံမသွားရဲသူများလည်းရှိသည်ဟု မဂဒူး မွန်ဒေသဖွံ့ဖြိုးရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ နိုင်ဇဲ့ဟန်က ပြောသည်။

    "အဲဒီလမ်းမှာ ဆေးသုံးတဲ့သူတွေ ရှိပြီ ဆိုလို့ရှိရင် ခြံရှင်တွေက သူတို့ခြံထဲမသွားရဲတော့ဘူး၊ အဲဒီမူးယစ်ဆေးသုံးစွဲမှုတားဆီးဖို့ လူမှုအဖွဲ့အစည်းတွေက သူသူငါငါ လုပ်ကြတယ်ဆိုပေမယ့် သက်ရောက်မှုကတော့ အရမ်းနည်းပြီး သုံးစွဲမှုကတော့ တစတစများများလာတယ်၊ သုံးစွဲပုံကပဲ နည်းနည်းပြောင်းလဲလာကြတာ။ ဒါပေမယ့် ကာကွယ်ထိန်းသိမ်းရေးနည်းလမ်းတွေက လုပ်ကိုလုပ်ရမှာဆိုတော့ လူငယ်တွေ ကျောင်းသားလေးတွေကို အဓိကထားပြီးတော့ ပညာပေးလုပ်ငန်းတွေ လုပ်ရတာပေါ့" ဟု နိုင်ဇဲ့ဟန်က ဆိုသည်။

    ရေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်းပမာဏကို ၂၀၁၃ ခုနှစ်က မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ကွင်းဆင်း၍ စစ်တမ်းကောက်ယူခဲ့ရာ လူငယ်များအတွင်း ၃၈% ခန့်ရှိခဲ့ရာမှ၊ ၂၀၁၇ ခုနှစ်တွင် တိုးတက်သော မွန်လူငယ်များအစည်းအရုံး MYPO စစ်တမ်း၌ ၇၃ % နီးပါးအထိ များပြားလာကြောင်း ၎င်းတို့၏အစီရင်ခံစာများက ဖော်ပြသည်။

    Photo-အံဒင်ကျေးရွာအထကတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးစဉ်( Macado)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks