spot_img
Tuesday, May 21, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်သစ်ပါတီနှင့် KNU ပူးပေါင်း၍ လူထုရှင်းလင်းပွဲကျင်းပ

    မွန်ပြည်သစ်ပါတီနှင့် KNU ပူးပေါင်း၍ လူထုရှင်းလင်းပွဲကျင်းပ

    -

    စန္ဒာဉာဏ် (အောက်တိုဘာ ၂၉)

    မွန်နှင့် ကရင်ဒေသခံများ ငြိမ်းချမ်းစွာအတူအကွယှဉ်တွဲနေထိုင်ရေး သဘောတူညီချက်များကို မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU နှစ်ဖက်တပ်မှူးများပူးပေါင်း၍ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သော ဒေသရှိလူထုထံ အသိပေးရှင်းလင်းပွဲများ နေရာ ၂ ခုတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် သီတင်းပတ်အတွင်း NMSP-KNU နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီချက်အရ အောက်တိုဘာ ၂၈ ရက်နေ့တွင် ဗလဲ့ဒွန်ဖိုက် (မွန်ရွာ)နှင့် ၂၉ ရက်နေ့တွင် ထီးဝါးဒို့ (ကရင်ရွာ) သို့ နှစ်ဖက်တပ်မှ တာဝန်ရှိသူများ သွားရောက်ပြီး ရွာသားများကို ရှင်းလင်းတင်ပြခဲ့သည်ဟု မွန်ပြည်သစ်ပါတီနှင့်  KNU တာဝန်ရှိသူများက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက “အခု ကျနော်တို့ သွားပြီးရှင်းပြတာက သမိုင်းကြောင်းတွေပေါ့ ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ရသလဲ တော်လှန်ရေးလုပ်တဲ့နေရာမှာ အောင်ပွဲရသည်အထိ စည်းလုံးညီညွတ်ဖို့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ဆိုတဲ့ ပစ်မှတ်ကို မချော်ဖို့ပေါ့ ဘဝတူ ဖိနှိပ်ခံလူမျိုးတွေက ကျွန်တော်တို့ရဲ့မဟာမိတ်ပေါ့ အဲဒါတွေ ကျွန်တော်တို့ ရှင်းပြတယ်၊ အောက်ခြေရဲဘော်နဲ့ ပြည်သူလူထုတွေက နိုင်ငံရေးအမြင်အားနည်းတဲ့အခါကျတော့ ပဋိပက္ခဖြစ်အောင်ပြောကြ၊  မခံချင်စိတ်နှိုးဆွအောင် ပြောဆိုတတ်ကြတယ်” ဟု ဆိုသည်။

    ၎င်းအပြင် ၁၉၄၇ ခုနှစ်ကတည်းက မွန်နှင့်ကရင်ခေါင်းဆောင်များ သဘောတူထားကြသော မွန်ကရင်သစ္စာအဓိဌာန် (၄) ချက်ကိုလည်း ရှင်းလင်းပြောပြခဲ့ပြီး ရွာသားများအနေဖြင့် ထူးခြားမှုတစ်စုံတစ်ရာရှိလျှင် သတင်းပေးရန် ရှင်းလင်းချပြခဲ့သည်ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ် ဥက္ကဋ္ဌ နိုင်အာကာက“ နှစ်ဖက်စကားပြောဆို ဆွေးနွေးပြီးပြီ၊ အခြေအနေအေးချမ်းသွားပြီဖြစ်တဲ့အတွက် ထီးဝါးဒို့ရွာကော ဗလဲ့ဒွန်ဖိုက်ရွာကော တိုက်ပွဲကြောင့် နေအိမ်စွန့်ထွက်ပြေးသွားတဲ့ ရွာသားတွေ ပြန်လာကြဖို့ နှစ်ဖက်တာဝန်ရှိတဲ့သူတွေက ဒေသခံပြည်သူလူထုတွေကို သွားရောက်ရှင်းပြခဲ့တယ်” ဟု ဆိုသည်။

    အဆိုပါဒေသခံလူထုရှင်းလင်းပွဲသို့ KNU ဘက်မှ ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေ၊ တပ်ရင်း ၁၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးရွှေဝင်း၊ ဘုရားသုံးဆူမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ စောအက်ဒဝပ်၊ ဒုတာဝန်ခံ စောထူးထူးနှင့် မွန်ပြည်သစ်ပါတီဘက်မှ အမှတ် ၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး M စိုက်ချမ်း၊ ဘုရားသုံးဆူမြို့နယ် အတွင်းရေးမှူး နိုင်ဝင်းစိန်(စိန်စိန်)၊ မြို့နယ်ကော်မတီအဖွဲ့ဝင် နိုင်တာတို့မှ ငြိမ်းချမ်းရေးနှင့် မွန်-ကရင် သမိုင်းကြောင်းကို ရှင်းလင်းပြောပြခဲ့သည်ဟု ၎င်းက ဆိုသည်။

    “ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့နေရာတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ရှင်းထုတ်ပစ်တယ်၊ ပြီးတော့ ဘုရားသုံးဆူမြို့ပေါ် တိုင်တစ်ရာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကိုလည်း အကုန်ပြန်ခေါ်လာပြီးတော့ အိမ်ပြန်ရောက်ကြကုန်ပြီ၊ နှစ်ဖက်တပ်တွေ ပြန်ဆုတ်ကုန်ကြပြီ၊ ရွာအတွင်းမှာ စစ်ဝတ်စုံတွေနဲ့ ဘယ်သူမှ သွားလာခွင့်မရှိတော့ဘူး တဖြည်းဖြည်း ပြန်ပြီးငြိမ်းချမ်းဖို့ပဲ ရှိတော့တယ်” ဟု နိုင်အာကာက ဆက်ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရေးမြို့နယ်နှင့် ဘုရားသုံးဆူဒေသ၌ KNU နှင့် NMSP အောက်ခြေတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ရာတွင် ရွာသားတစ်ဦးအပါအဝင် နှစ်ဖက်တပ်ဖွဲ့ဝင် ၂ ဦးစီ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

    Photo- ဗလဲ့ဒွန်ဖိုက်ရွာ လူထုရှင်းလင်းပွဲ(Facebook)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts