Monday, March 9, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် စပါးဈေးကျသည့်အပြင် ဆန်အရောင်းအဝယ်လည်း ရပ်တန့်နေဟုဆို

    မွန်ပြည်နယ်တွင် စပါးဈေးကျသည့်အပြင် ဆန်အရောင်းအဝယ်လည်း ရပ်တန့်နေဟုဆို

    -

    မင်းသစ္စာခိုင်(အောက်တိုဘာ ၁၅)

    စပါးသစ်များမပေါ်မီ လက်ကျန်စပါးဟောင်းများကုန်ခါနီးဖြစ်သော လက်ရှိအချိန်တွင် စပါးဈေးများကျသည့်အပြင် ဆန်အရောင်းအဝယ်လည်း ရပ်တန့်နေသည်ဟု မွန်ပြည်နယ် မုဒုံမြို့နယ်မှ လယ်သမားအချို့က ပြောသည်။

     “စပါးဈေးတအားထိုးကျနေတယ်၊ ဆန်ဈေးကတော့ သိပ်ပြီးမကျပါဘူး၊ လယ်တစ်ခုကိုပဲ အားကိုးနေရတော့ အခက်အခဲရှိတာပေါ့၊ ဈေးကျတယ်ဆိုတာထက် အရောင်းအဝယ်မရှိတာ ခက်တယ်၊ ရောင်းမယ့်သူရှိပေမယ့် ဝယ်မယ့်လူမရှိ ဖြစ်နေတယ်” ဟု မုဒုံမြို့နယ် နိုင်လှုံကျေးရွာမှ လယ်သမား နိုင်ငွေဌေးက ဆိုသည်။

    မုဒုံမြို့နယ်၌ ပေါ်ဆန်းမွှေးစပါး(ကောင်း) တင်း ၁၀၀ လျင် ကျပ် ၁၀ သိန်းအောက်၊ ပေါ်ဆန်းမွှေးစပါး(ညံ့) ၇ သိန်း၊ ကောက်ကြီးစပါး ၇ သိန်း၊ ရွှေတဆုပ်စပါး ၅ သိန်း လက်ရှိပေါက်ဈေးရှိကြောင်း သိရှိရသည်။

    “ကျနော်တို့ဒေသမှာ စပါးဈေးက တည်ငြိမ်မှုမရှိသေးဘူး၊ ဆန်စက်သမားတွေက လက်ကျန်စပါးတွေကိုပဲ ကြိတ်ခွဲနေကြတယ်၊ ဈေးနှုန်းအမှန်မဖြစ်သေးဘူး၊ လောလောဆယ် ဆန်အရောင်းအဝယ်ပဲ အနည်းအကျဉ်းရှိတာ စပါးကတော့ သိပ်အရောင်းအဝယ်မရှိဘူး၊ ဆန်စက်သမားတွေကလည်း စပါးလိုက်ဝယ်တာ မရှိသေးဘူး” ဟု မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာမှ ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် နိုင်သက်နိုင်က ပြောသည်။

    တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက် ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် အစိုဓါတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ စံသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စပါးတစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ၏ အခြေခံရည်ညွှန်းဈေးနှုန်းကို ကျပ်ငွေ (၅) သိန်း သတ်မှတ်ခဲ့သည်။

    “ဆန်ကြမ်းဆန်မာတွေကတော့ ဒီဈေးနှုန်းနဲ့ ကိုက်ညီပါလိမ့်မယ်၊ ဥပမာ ကျနော်တို့မှာ ရွှေတဆုပ် ၅ သိန်းပေးမယ်ဆိုတော့ အဆင်ပြေပါတယ် ၄၆ ပေါင်ပဲဆိုတော့၊ ကျနော်တို့ဒေသမှာ စပါးတစ်တင်းသတ်မှတ်ချက်က ၄၈ ပေါင်လောက် အလေးချိန်ရှိတယ်” ဟု နိုင်သက်နိုင်က ဆက်ပြောသည်။

    မွန်ပြည်နယ်စပါးများ အရည်အသွေးမြင့်သလို နေ့စားလုပ်အားခဈေးနှုန်းကလည်း ကြီးမားနေသဖြင့် စပါးဈေးနှုန်းကို တပြည်းညီ မသတ်မှတ်သင့်ကြောင်း မွန်ဒေသမှလယ်သမားအချို့က ထောက်ပြမှုများရှိသည်။

    ယမန်နှစ်က ယခုကာလမျိုးတွင် စပါးဈေးနှုန်းအမြင့်ဆုံးတက်ခဲ့ပြီး ပေါ်ဆန်းမွှေးစပါး တင်း ၁၀၀ လျင် ၁၇ သိန်းကျော်ဈေးပေါက်ခဲ့ပြီး စပါးသစ်ပေါ်ချိန် ၁၂ သိန်း တလင်းအထိ လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။

    Photo- အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက်(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks