စန္ဒာဉာဏ် (မော်လမြိုင်၊ အောက်တိုဘာ ၃)
အသံချဲ့စက်နှင့်ဆောင်းဘောက်(စ်) စည်းကမ်းမဲ့ ဆူညံစွာဖွင့်လှစ်ခြင်းကို ပြည်သူလူထုဘက်မှ တာဝန်သိသိ သတင်းပေးတိုင်ကြားစေလိုသည်ဟု မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။
အသံချဲ့စက်၊ ဆောင်းဘောက်(စ်)ပြဿနာကို အသိပညာပေး၊ ဥပဒေအရ အရေးယူမှုများ ဆောင်ရွက်ရန် ပြည်နယ်အစိုးရက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများကို စက်တင်ဘာလ ၂၄ ရက်တွင် ညွှန်ကြားထားသည်။
“ပြည်သူလူထုကလည်း မခံနိုင်တဲ့အချိန်မှာ သတင်းပို့ဖို့လိုပါတယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သတင်းပို့မယ် အုပ်ချုပ်ရေးမှူးက မလုပ်ပေးဘူးဆိုရင် အုပ်ချုပ်ရေးမှူးရဲ့ တာဝန်ပဲ ကျွန်တော်တို့က အပေါ်ကနေပြီးတော့မှ အကုန်လုံးကို မမြင်နိုင်ဘူး ရပ်ကွက်အလိုက်ကို ပြည်သူတွေက တာဝန်ရှိရှိနဲ့ ပြောဆိုမယ် တားဆီးမယ် တစ်ဦးချင်းဆောင်ရွက်မယ်ဆိုရင် ဒီကိစ္စပြဿနာရှိစရာအကြောင်းမရှိဘူး” ဟု ဝန်ကြီးက ဆိုသည်။
ထို့ပြင် အသံချဲ့စက်၊ ဆောင်းဘောက်(စ်)နှင့်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းမှုများ၊ မေးခွန်းမေးမြန်းမှုများ ရှိလာပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးများကို အရေးယူသွားမည်ဟု နယ်လုံဝန်ကြီးက ဆက်ပြောသည်။
အတွဲလိုက် အသံချဲ့စက်နှင့် ဆောင်းဘောက်(စ်)များ ကားပေါ်တင်စနစ် ဖျက်သိမ်းပေးရန်၊ အသံပိုင်းဆိုင်ရာ စည်းကမ်းမဲ့ ဖွင့်လှစ်မှုများကို ထိရောက်စွာ အရေးယူပေးရန်နှင့် အသံချဲ့စက်ကို အခမ်းအနားပေါ်မူတည်ပြီး အသံဖိအား ထိန်းချုပ်ပေးရန်တိုက်တွန်းကြောင်းအဆိုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က တင်သွင်းခဲ့သည်။
သံဖြူဇရပ်မြို့နယ်၊ အံခဲကျေးရွာအုပ်ချုပ်ရေးမှူးက “ကျွန်တော်တို့ရွာမှာ အတွဲလိုက်အသံချဲ့စက်ကို ရုံးကနေ (ကျေးရွာအုပ်ချုပ်ရေးမှူးရုံး) ခွင့်ပြုချက်ရပြီးမှ ပေးဖွင့်တယ် ညကိုးနာရီအထိပဲဖွင့်လို့ရတယ် ဒါပေမယ့် ကိုယ့်အိမ်ထဲမှာ ဆောင်းဘောက်(စ်)အသေးတွေ ဖွင့်တာတော့ရှိတာပေါ့ အဲဒါတွေက သိပ်ပြဿနာမရှိဘူး” ဟု ဆိုသည်။
မကြာမီကျင်းပမည့် ကျိုက်နဲရေလယ်ဘုရားပွဲတွင်လည်း ကားပေါ်တင်မည့် အတွဲလိုက် အသံချဲ့စက်နှင့် ဆောင်းဘောက်(စ်)များကို ယခင်နှစ်ထက် လျှော့ချသွားမည်ဟု ၎င်းက ပြောသည်။
“အလှူတစ်ခုလုပ်တော့မယ်ဆိုရင် ဆောင်းဘောက်(စ်)ကြီးတွေ လေးငါးဆယ်လုံး ဆင့်ပြီးတော့ကို လုပ်တာ မြေကြီးတွေလဲတုန် ရင်တွေလည်းတုန် အထဲက ကလီစာတွေပါ ခုန်ထွက်တာ။ ဘာပဲလုပ်လုပ် အေးအေးဆေးဆေး လုပ်သင့်တဲ့အချိန်မှာ အရမ်းကို ပူလောင်ပြင်းပြလွန်းတယ်ပေါ့နော်” ဟု မော်လမြိုင်မြို့သူ မချောစုကြည်က ပြောသည်။
လုံးဝမရှိသင့်သော အသံချဲ့စက်သည် ယခုအခါ ရိုးရာဓလေ့တစ်ခုဖြစ်လာနေပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ထိထိရောက်ရောက်တားမြစ်ဖို့ လိုအပ်နေကြောင်း ၎င်းကထောက်ပြသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးဥပဒေ ပုဒ်မ ၂၇ အရ အသံချဲ့စက်ဖွင့်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာပါက ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ် သို့မဟုတ် ၇ ရက်ထက်မပိုသော ထောင်ဒဏ်ကို ချမှတ်နိုင်သည်ဟု သိရသည်။