မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၂၃)
မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရဝန်ကြီးများသည် ပြည်နယ်လွှတ်တော်ကို တာဝန်ခံရသလား သို့တည်းမဟုတ် သမ္မတကို တာဝန်ခံရသလား ကွဲကွဲပြားပြားသိရှိရန်လိုအပ်ပြီး မွန်ပြည်နယ်အစိုးရက လွှတ်တော်ကိုလွှမ်းမိုးသည်ဆိုခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြဿနာဖြစ်သည်ဟု ရှုမြင်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက ဆိုသည်။
“အခုလွှတ်တော်မှာက ကိုယ်စားလှယ်တွေမေးသမျှမေးခွန်းတွေကို အစိုးရက မဖြေဘူး၊ အစိုးရက လွှတ်တော်ကိုလွှမ်းမိုးတာလား မလွှမ်းမိုးတာလားဆိုတာထက် ဒါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဿနာလို့ ကျနော်မြင်တယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးတွေအားလုံးဟာ ပြည်နယ်လွှတ်တော်ကို တာဝန်ခံရသလား ဒါမှမဟုတ် ဝန်ကြီးချုပ်ကိုခန့်လိုက်တဲ့သမ္မတကို တာဝန်ခံရသလား ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဿနာဖြစ်တယ်”ဟု နိုင်လယိတမက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ဌ) ပုဒ်မခွဲငယ် (၁)တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတ အား တာဝန်ခံရမည်” ဟုလည်းကောင်း၊ ပုဒ်မခွဲငယ် (၂)တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် မှတစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်”ဟု လည်းကောင်း ပြဋ္ဌာန်းထားပါသည်။
နိုင်လယိတမ “လွှတ်တော်ကလည်း NLD လွှတ်တော်ပဲ အစိုးရကလည်း NLD အစိုးရပဲ ပါတီအနေနဲ့ပြောမယ်ဆိုရင် တစ်ပါတီထဲပေါ့နော်၊ ဒါပေမယ့် သူတို့တစ်ပါတီထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဖြစ်နေကြတာကိုတော့ ကျနော့်အနေနဲ့ မဝေဖန်လိုဘူး၊ အစိုးရဆိုတာ ပြည်သူကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်ထဲက မေးလာတဲ့မေးခွန်းအပေါ်မှာ အချိန်နဲ့တပြည်းညီ ပြန်ဖြေဖို့တော့ တာဝန်ရှိတာပေါ့” ဟု ဆိုသည်။
ဟိုးလေးတကျော်ဖြစ်ခဲ့သည့် အောင်သပြေ-နှစ်ကရင်ကားလမ်းတင်ဒါမခေါ်သည့်ကိစ္စသည် နိုင်ငံတော်အတိုင်ပင်ခံနှုတ်မိန့်မဟုတ်သည့်အကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် လူသိရှင်ကြား ဝန်ခံလိုက်ရပြီးနောက် အစိုးရနှင့်လွှတ်တော်ကြား ပွတ်တိုက်မှုများပြင်းထန်လာသလို ပြီးခဲ့သည့်မေလ မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) တွင် မေးခွန်းများကို ပြည်နယ်အစိုးရအဖွဲ့မှ နှုတ်ဖြင့်သာဖြေကြားခဲ့ပြီး အဖြေမှတ်တမ်းစာရွက်များ ပေးအပ်ခြင်းမရှိတော့ပေ။
သထုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော် ဒေါ်ခိုင်ခိုင်လဲ့က “လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းမေးတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကျိုးစီးပွား မပါပါဘူး၊ နောက် လွှတ်တော်ကိုယ်စားလှယ်တွေဆီကိုကို ရောက်ရှိလာတဲ့ တိုင်ကြားစာတွေ လွှတ်တော်ကိုယ်စားလှယ်တွေဆီရောက်ရှိလာတဲ့ ပြည်သူ့အသံ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီရောက်ရှိလာတဲ့ ပြည်သူ့သဘောထားဆန္ဒတွေကို အခြေခံပြီးတော့မှ ကျမတို့ဒီမေးခွန်းမေးမြန်းရခြင်း ဖြစ်ပါတယ်၊ ကျမတို့ကိုယ်ပိုင်အကျိုးစီးပွား ဘာတစ်ခုမှမပါဘူး” ဟု ဆိုသည်။
လက်ရှိကျင်းပနေသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များကြိုတင်ပေးပို့ထားသော မေးခွန်း ၄၉ ခုကို အချိန်မမီသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ မေးခွန်း ၂၅ ခုကိုသာ ဖြေဆိုမည်ဖြစ်သောကြောင့် လွှတ်တော်အစည်းအဝေး အစီအစဉ်များကို ပြောင်းလဲခဲ့ရသလို အစိုးရအဖွဲ့မှ ဖြေကြားခြင်းမရှိသော မေးခွန်းများကိုလည်း ဖြုတ်ချခဲ့ရကြောင်း၊ လွှတ်တော်အားကောင်းမှ ဒီမိုကရေစီစနစ် အားကောင်းမည်ဖြစ်ရာ အုပ်ချုပ်ရေးပိုင်းမှ ပြည်နယ်ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကြီးကြပ်ရမည့်အစား လွှတ်တော်ကို ဟန့်တားသည်ဟု မြင်မိကြောင်း၊ မွန်ပြည်နယ်အစိုးရက လွှတ်တော်အပေါ်လွှမ်းမိုးနေသည်ဟု ခံစားရကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက သတင်းထောက်များအား ပြောကြားခဲ့သည်။
