Saturday, March 14, 2026
More
    spot_img
    Homeသတင်းတောင်မြေပြိုမည့်အန္တရာယ်စိုးရိမ်ရသဖြင့် ရဲပြားကုန်းမူလတန်းကျောင်း နေရာပြောင်းရွှေ့ပေးစေလို

    တောင်မြေပြိုမည့်အန္တရာယ်စိုးရိမ်ရသဖြင့် ရဲပြားကုန်းမူလတန်းကျောင်း နေရာပြောင်းရွှေ့ပေးစေလို

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ ဩဂုတ် ၂၂)

    မလတ်တောင်၏ ပေ ၁၅၀ ကျော်တွင်တည်ရှိပြီး မြေကြောဆက်နေသောကြောင့် တောင်ထပ်မံပြိုကျမည့်အန္တရာယ်ကို ကျောင်းသားမိဘများ စိုးရိမ်နေသဖြင့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းရွာရှိ မူလတန်းကျောင်းကို နေရာပြောင်းရွှေ့ပေးစေလိုကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က ပြောသည်။

    “ကျွန်မအနေနဲ့ ဘေးကင်းရာမှာ စာသင်ရမယ်ဆိုရင် အတိုင်းထက်အလွန်ဝမ်းသာမိမှာ။ အခုဆိုလို့ရှိရင် မိုးလေးအုံ့လာပြီ၊ မိုးတအားရွာလာပြီဆိုရင် အလိုလိုနေရင်းကြောက်လာတယ်” ဟု ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

    အဆိုပါမူလတန်းကျောင်းတွင် ကျောင်းသား ၁၅၆ ဦးရှိသည့်အနက် ၁၂ ဦးမှာ တောင်ပြိုသည့် မတော်တဆမှုတွင် ဆုံးပါးသွားကြောင်း၊ လက်ရှိတွင်လည်း မြေအနေအထား စိတ်ချရမှုရှိမရှိ မသိသေးသဖြင့် ထိတ်လန့်နေခြင်း ဖြစ်သည်။

    ကျောင်းအုပ်ဆရာမကြီးက “မနှစ်ကတော့ မြေပြိုထားတယ် ကျောင်းရဲ့အနောက်ကလေ။ မြေထိန်းနံရံတွေနဲ့ ပြန်လုပ်ထားပြီးပြီ။ အခု ကျောင်းရဲ့ခြံစည်းရိုးဘေးကနံရံဆိုရင် ကွဲသလိုမျိုးဖြစ်ပြီး အဲဒီထဲက မြေစတွေထွက်နေတယ်” ဟု ပြောသည်။

    သို့ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက တောင်ပြိုသည့်နေရာကို ဘူမိဗေဒဆိုင်ရာ စစ်ဆေးမှုများဆောင်ရွက်နေဆဲဖြစ်ပြီး ထပ်မံပြိုကျမည့်အန္တရယ်ရှိမရှိ တရားဝင်ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

    “ကျွန်မတို့ကလည်း ဒီဟာကို အမြန်ဆုံးရွှေ့ဖို့ ဝန်ကြီးချုပ်ကိုပြောထားပြီးပြီ။ ဒီနားပတ်ဝန်းကျင်ပဲ ပြန်ရှာရမှာကိုး ဒီထက်ဝေးဝးလံလံကျတော့လည်း ကလေးတွေသွားရလာရတာ မလွယ်ဘူးလေ။ တောင်နဲ့လွတ်တဲ့နေရာလည်းရှာရမယ်၊ ရေမဝပ်တဲ့ဧရိယာလည်း ဖြစ်ရမယ်” ဟု ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။

    နေရာပြောင်းရွှေ့ပြီးပါက ကျောင်းအသစ်ဆောက်ရန်အတွက် အချိန်ယူရမည်ဖြစ်ပြီး အနီးအနားရှိ ဘုန်းကြီးကျောင်း သို့မဟုတ် ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့သင်ကြားရန် လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။

    လောလောဆယ်တွင် ကျောင်းအနီးရှိ တောင်ကုန်းပေါ်မှ စေတီရံများ ကျောင်းပေါ်သို့ပြိုကျမည်စိုး၍ ဖြုတ်သိမ်းထားပြီး အက်ကွဲကြောင်းများကို ကွန်ကရစ်ပြန်လောင်းကာ ထပ်မံပြိုကျမည့် အနေအထားမတွေ့ရသေးကြောင်း ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့နံနက်ပိုင်းတွင် မလတ်တောင်ပြိုကျမှုကြောင့် လူ ၇၃ ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်း ၇၀ ရှာဖွေတွေ့ရှိခဲ့သည်။


    Photo- သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်း မူလတန်းကျောင်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks