spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၅ ရက်အတွင်း မိုးသည်းထန်မှုကြောင့် မွန်ပြည်နယ်တွင် ကျပ်သိန်း ၁ သောင်း ၃ ထောင်နီးပါးဆုံးရှုံး၍ လူ ၇၀ ဦးသေဆုံး

    ၅ ရက်အတွင်း မိုးသည်းထန်မှုကြောင့် မွန်ပြည်နယ်တွင် ကျပ်သိန်း ၁ သောင်း ၃ ထောင်နီးပါးဆုံးရှုံး၍ လူ ၇၀ ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၁၄)

    မွန်ပြည်နယ်တွင် သြဂုတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၅ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန်ဘိုးငွေကျပ်သိန်းပေါင်း ၁ သောင်း ၃ ထောင်နီးပါးဆုံးရှုံး၍ လူ ၇၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ ၅ ရက်အတွင်း ဆရာတော်(၂) ပါးပျံလွန်တော်မူခြင်း၊ လူ(၆၈) ဦးသေဆုံးခြင်း၊ ဆရာတော်(၁) ပါး ဒဏ်ရာရ၊ လူ(၁) ဦးဒဏ်ရာရရှိခြင်းနှင့် လူ ၁ ဦးပျောက်ဆုံးခြင်းအပြင် ငွေကျပ်တန်ဘိုး ၁,၂၀၀,၉၆၉,၀၀၀ ဆုံးရှုံးခဲ့ရသည်ဟု မွန်ပြည်နယ်အစိုးရ အင်တာနက်သတင်းစာမျက်နှာ Website တွင် ယနေ့ဖော်ပြသည်။

    မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်ရှိ ဝေဇယန္တာပရိယတ္တိစာသင်တိုက်အုတ်တံတိုင်းပြိုကျ၍ သွပ်မိုးတစ်ထပ်ကျောင်းဆောင်ပြိုကျရာတွင် ဆရာတော်(၁) ပါးပျံလွန်ခြင်း၊ ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စု လက်ပန်ရွာရှိ စမ်းနက်တောရဘုန်းကြီးကျောင်း တစ်ခုလုံးပြိုကျရာတွင် ဆရာတော်(၁) ပါးပျံလွန်၍ (၁) ပါး ဒဏ်ရရှိခဲ့သည်။

    ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် တောင်မြေပြိုကျသဖြင့် နေအိမ် ၂၇ လုံးနှင့် ဘုန်းကြီးကျောင်း(၁) ကျောင်း မြေပိမိသည့်ဖြစ်စဉ်တွင် စုစုပေါင်း လူ(၆၆) ဦးသေဆုံး၍ ကုန်တင်ယာဉ်(၃) စီး၊ ပရိုဘောက်(၁) စီး၊ ဟိုက်ဂျက်(၁) စီးပျက်စီးဆုံးရှုံးသည်ဟု ဖော်ပြသော်လည်း အဆိုပါမော်တော်ယာဉ်များ၏ တန်ဘိုးကိုမခန့်မှန်းထားပေ။

    အထူးသဖြင့် မွန်ပြည်နယ်တဝန်း နေရာအတော်များများတွင် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအုတ်တံတိုင်းများ ပြိုကျခြင်း၊ အဆောက်အဦများအပေါ် သစ်ပင်လဲပြိုခြင်း၊ တောင်ပြိုကျမှုကြောင့် နေအိမ်ပြိုကျပျက်စီးခြင်း၊ လမ်းနှင့် တံတားများလည်း ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

    ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ရေမြင့်တက်လာမှုကြောင့် မိုးစပါးများရေလွှမ်းခံရပြီး ကွင်းပေါင်း(၁၈၅)ကွင်း၌ ဧကပေါင်း ၁၇,၂၇၃ ရေနစ်မြုပ်ခဲ့ရသလို ရေးမြို့နယ်တွင် ကျေးရွာအုပ်စု ၅ ခုရှိ ကွင်းပေါင်း ၁၇ ခုတွင် တောင်သူပေါင်း ၄၇၉ ဦး စိုက်ပျိုးထားသော မိုးစပါးစိုက်ဧက ၁၂၄၅ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပါသည်။

    အလားတူ သံဖြူဇရပ်မြို့နယ် ပငကျေးရွာအုပ်စုအတွင်း ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာတွင် ဆားတောင်သူ (၂၉) ဦးတို့၏ ဆားပိဿာပေါင်း ၄,၁၃၉,၀၀၀ တန်ဘိုးအားဖြင့် ၆၂၀,၈၅၀,၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

    မြန်မာပြည်တောင်ပိုင်း ပြည်နယ်နှင့် တိုင်း ၄ ခုတွင် ထူးကဲစွာမိုးရွာသွန်းမှုတွင် သဘာဝဘေးဒဏ်များကို မွန်ပြည်နယ်က အဆိုးဝါးဆုံးထိခိုက်ခံစားနေရသည့် ဒေသဖြစ်ခဲ့ရသည်။


    Photo- မွန်ပြည်နယ်၏ ပျက်စီးဆုံးရှုံးမှု စာရင်း(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks