မာန်ဏီ
လွန်ခဲ့သည့်ဇွန်လ (၁၅) ရက်က အသက် (၄၅) နှစ်သာ ရှိသေးသော မစ္စစ်ဇူဇာနာကာ ပူတိုဗာသည် ဆလိုဗက်ကီးယားနိုင်ငံ၌ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။ ဆလိုဗက်ကီးယား နိုင်ငံသည် ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှ (၁၉၉၃) နှစ်တွင် ခွဲထွက်ပြီး သီးခြားနိုင်ငံ ဖြစ်လာခဲ့သည်။
မစ္စစ်ဇူဇာနာကာ ပူတိုဗာသည် အလုပ်သမားလူတန်းစားမှ မွေးဖွားဆင်သက်သူဖြစ်ကာ ဥပဒေပညာ အထူးပြုဖြင့် (၁၉၉၆) ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ Open Society ဖေါင်ဒေးရှင်းတွင် ဝင်လုပ်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (viaIuris) အရပ်ဘက် အဖွဲ့အစည်းတွင် ရှေ့နေတာဝန် ထမ်းဆောင်ခဲ့သည်။ သူမ၏ တက်ကြွလှုပ်ရှားမှုများကြောင့် (Goldman Enviromenal) ဆုကို ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တိုးတက်သော ဆလိုဗက်ကီးယား (Progressive Slovakia) ပါတီသို့ ဝင်ရောက်ပီး နိုင်ငံရေးစလုပ်သည်။ ပါတီ၏ ပထမအကြိမ်ညီလာခံ ၂၀၁၈ ခုနှစ်တွင် ပါတီ၏ ဒုတိယ အကြီးအကဲ ဖြစ်လာပြီး ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ဒုတိယအကြော့တွင် (၅၈%) ဖြင့် အနိုင်ရရှိခဲ့သည်။
သူမအကြောင်းဆောင်းပါး ဖတ်မိချိန်တွင်ပင် “အာရှ၏ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အမျိုးသမီးဦးဆောင်မှု” စာတမ်း မိမိလက်သို့ ရောက်ရှိလာသည်။ အသေးစိတ်လေ့လာ သုံးသပ်မှုများ ပါဝင်သောကြောင့်၎င်း၊ အာရှရေးရာ ဇောင်းပေးထားမှုကြောင့်၎င်း၊ တစ်နိုင်ငံချင်း အဖြစ်အပျက်များကို ချန်လှပ်ပြီး ယေဘူယျကျကျ ကောက်နှုတ် ဘာသာပြန်အပ်ပါသည်။
ရေရာသေချာမှုမရှိသည့်ပြင် ပိုင်ပိုင်နိုင်နိုင်မထိမ်းချုပ်နိုင်သော အာရှဒီမိုကရေစီ အသွင်ကူးပြောင်းရေး လူထုအုံကြွ ဆန္ဒပြမှုများသည် (၁၉၈၆) ခုနှစ်၌ ဖိလစ်ပိုင်နိုင်ငံတွင် ကိုရာဇန်အကွီနို ဦးဆောင်ပြီး အောင်မြင်မှုရခဲ့သည်။ အကွီနိုသည် အာဏာရှင်မားကို့စ်အလွန် ပထမဦးဆုံး သမ္မတဖြစ်လာသည်။ ပါကစ္စတန်နိုင်ငံတွင် အာဏာရှင်ဇီယာအူလ်ဟတ် လက်ထက်၌ လူထုအုံကြွမှုဖြင့် ဖြုတ်ချကာ ဘင်နဇာဘူတို (၁၉၈၈) ၌ ဝန်ကြီးချုပ် ဖြစ်လာသည်။ သူမသည် အချိန်ခြားပြီး နောက်တစ်ကြိမ် ဝန်ကြီးချုပ်ဖြစ်လာသေးသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် စစ်အုပ်ချုပ်ရေး အပြီးသတ်ချိန် (၁၉၉၀) ၌ အမျိုးသမီးဝန်ကြီးချုပ်များ ဝင်ရောက်နေရာ ယူကြသည်။ ခါလီဒါဇီယာနှင့် ရှိတ်စ်ဟာစင်နာတို့ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၌ နန်းသက်ရှည် သမ္မတဆူကာနိုအပြီး တက်လာသော သမ္မတ ဝါဟစ်လက်ထက်၌ ဆူကာနို၏သမီး မီဂါဝတီသည် ဒုတိယသမ္မတ ဖြစ်လာကာ သမ္မတအား အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု စွဲချက်များဖြင့် ဖြုတ်ပစ်ပြီးနောက်မှ (၂၀၀၁) နှစ်တွင် သမ္မတဖြစ်လာသည်။
လူမှုရေးလှုပ်ရှားမှုများမှတဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ခေါင်းဆောင်မှု ရရှိရေး ကြိုးပမ်းမှုများကို ကာလကြာရှည် အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။ သို့သော် ခေါင်းဆောင် ဖြစ်လာသူမှာ အလွန်အမင်း နည်းပါးခဲ့သည်။ အတိုက်အခံပါတီများတွင် အောက်ခြေထု၌ လိင်ပိုင်းဆိုင်ရာ အတားအဆီး အဟန့်အတားနှင့် ရင်ဆိုင်ခဲ့ကြရသည်။ အထူးသဖြင့် အသွင်ကူးပြောင်းရေးကာလ စေ့စပ်ညှိနှိုင်းမှုများတွင် အမျိုးသမီးပါဝင်မှု နည်းပါးခဲ့သည်။
သို့သော်လည်း ဒီမိုကရေစီတော်လှန်ရေးများသည် လက္ခဏာကြန်အင်အရ ငြိမ်းချမ်းစွာ ဖြစ်ပေါ်ပြီး မြို့ပြလှုပ်ရှာမှုများလည်းဖြစ်ရာ အမျိုးသမီးခေါင်းဆောင်မှုသည် အရေးပါ ထင်ရှားလာသည်။
အဆက်မပြတ်သော လူထုအုံကြွမှုများဖြင်း အာဏာရှင်များကို ဖြုတ်ချရာတွင် အာရှတိုက်၌ အမျိုးသမီးများ ရှေ့တန်းက ပါဝင်ခဲ့ကြသည်။ ဒီမိုကရေစီရေး အကျိုးဆက် ရလာဒ်များ ရရှိရန်လည်း ဦးဆောင်နိုင်ခဲ့သည်။
ကမ္ဘာ့သမိုင်းတွင် ကလီယိုပါထရာ၊ အယ်လီဇဘက်(I)ဘုရင်မ၊ မာရီယာသာရီဆာ၊ ကက်သရင်းဘုရင်မ၊ ဝိတိုရိယဘုရင်မတို့သည် အများသိ အမျိုးသမီးခေါင်းဆောင်များ ဖြစ်သည်။ ၂၀ ရာစုတွင် ၁၉၉၂ ခုနှစ်ထိ အမျိုးသမီးထိပ်သီး နိုင်ငံ့ခေါင်းဆောင် (၂၃) ဦး ရှိခဲ့ပြီး မကြာသေးခင်က (၉) ဦး တိုးလာခဲ့သည်။
အမျိုးသမီးခေါင်းဆောင်များ ရှားပါးခြင်းကို မိသားစုတွင်း အမျိုးသမီးများ နိုင်ငံရေးနှင့် ကင်းရှင်းရန်ဆိုသော တရားသေ ထုံတမ်းစဉ်လာနှင့် ရှင်းပြနိုင်ပါသည်။ အဖကြီးစိုးသည့် လူ့အဖွဲ့စည်းစနစ်က အမျိုးသမီးများ နိုင်ငံရေးခေါင်းဆောင် ဖြစ်လာရေးပေါ်တွင် အကျိုးဆက် သက်ရောက်မှုများ ရှိစေသည်။
အမျိုးသမီးများဦးဆောင်သည့် ဒီမိုကရေစီတော်လှန်ရေးများ ဖြစ်ပွားရာ အာရှတိုင်းပြည်များသည် အဖလွှမ်းမိုးအုပ်ချုပ်သည့် စည်းစနစ်တိုင်းပြည်များ ဖြစ်သည်မှာ ရှင်းလင်းလှပါသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဆင်းရဲမွဲတေမှုသည် မျက်နှာဖုံး ဇာပါဝါ ဝတ်ဆင်ရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတို့ကို အားဖြည့်လိုက်ခြင်းကြောင့် လူ့အဖွဲ့အစည်း၏ အများလူထုရှေ့မှောက်နှင့် သီးသန့်ပုဂ္ဂလိကနေရာဟူ၍ ခွဲခြားသည့် အမြင်အပြင် အမျိုးသမီးများအား အိမ်းတွင်းမှုတွင်သာ နေရာပေသည့် လိင်ပိုင်ဆိုင်ရာကဏ္ဍကို ပုံစံသေ ဖြစ်စေခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် အမျိုးသမီးများသည် ကက်ဗိနက်အဖွဲ့ဝင်၊ ဝန်ကြီးများ၊ အထက်လွှတ်တော် အမတ်များ၊ ကွန်ကရက်အမတ်များ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖြစ် နိုင်ငံရေးအရ ဦးဆောင်မှု အထင်အရှား ရခဲ့ပြီးဖြစ်သည်။ သို့သော် ဖိလစ်ပိုင် အမျိုးသမီးဝါဒီများမှာ တာဝန်ထမ်းဆောင်ယင်း အပြင်းအထန် ဝေဖန်ခံနေရသော အခြေအနေ၌ ရောက်ရှိနေသည်။ ဘင်္ဂလာဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ပါကစ္စတန်တို့တွင် ရှေးရိုးစွဲ မူစလင်ခေါင်းဆောင်များသည် အမျိုးသမီး ခေါင်းဆောင်များ၏ အတက်လမ်းကို အစ္စလာမ်ဘာသာရေး အခြေခံမူများ ချိုးဖေါက်သည် ဆိုပြီး ပိတ်ပင်အဟန့်အတားပြုကြသည်။ လိင်သဘာဝဆိုင်ရာ ဖဲချပ်များသည် အာရှအမျိုးသမီး ခေါင်းဆောင်မှုကို ထူထဲသိပ်သည်းစွာ ပိတ်ဆို့ထားကြပေသည်။
သို့သော်လည်း အဖကြီးစိုးမှု စည်းစနစ်သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ရုန်းကန်မှုထဲ၌ အမျိုးသမီးများ ဦးဆောင်မည့်အရေးကို ပိတ်ပင်ထားခြင်းမရှိပါ။ နိုင်ငံရေးသမားများအနေဖြင့် အမျိုးသမီးများသည် မေးခွန်းထုတ်စရာ ဖြစ်နေပြီး ထိုအားနွဲ့သူတို့သည် မာန်တက်နေသော အတိုက်အခံ ပြိုင်ဘက်များကို ချောက်လှန့်နိုင်စွမ်း နည်းပါသလို ဖြစ်နေသည်။ သူတို့သည် ဝေဒနာ ခံစာနေရသော အမျိုးသားတရပ်၏ “ညီအစ်မများ” သို့မဟုတ် “မိခင်များ” ဖြစ်ကြသည်။
သူတို့သည် စွန်းထင်းညစ်ပေနေသော လူထုအား ပုဂ္ဂလိကမိသားစု ဂုဏ်သရေတို့ဖြင့် သန့်ရှင်းစေအံ့-ဟု ကတိပြုကြသည်။ သိသာထင်ရှားသော သူတို့၏အတွေ့အကြုံမဲ့ ကိုယ်ကျိုးစွန့်ပါတီပြင်ပ လှုပ်ရှားမှုများက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၏ စိတ်ဓါတ်ရေးရာ စရိုက်လက္ခဏာကို ကွက်ကွက်ကွင်းကွင်း ဖေါ်ပြနေသည်။
အာဖဂန်နစ္စတန်နှင့် ဘရူနိုင်းနိုင်ငံငယ်တို့က လွဲလျှင် အရှေ့နှင့် အရှေ့တောင်အာရှတွင် အမျိုးသမီးများနှင့်အလွမ်းမသင့်သော အစ္စလာမ်ဝါဒ၏ ထင်ပေါ်သော နိုင်ငံတိုင်း၌ နိုင်ငံ့ခေါင်းဆောင် (သို့) အတိုက်အခံခေါင်းဆောင် အမျိုးသမီးများ အထင်အရှားရှိသည်။ အဖကြီးစိုးမှုစနစ်၏ ထုံးတမ်း ဓလေ့များသည် ဒီမိုကရေစီ တော်လှန်ရေးခေါင်းဆောင် အာရှအမျိုးသမီးများကို နှောင့်နှေး ကြန့်ကြာအောင် မလုပ်သည့်အပြင် ကူညီမှုပင် ရှိခဲ့သည်။
နိုင်ငံရေး နန်းဆက်များနှင့် အမျိုးသမီးခေါင်းဆောင်များ
ထိုအမျိုးသမီးများသည် သာမန်ရိုးရိုးအရပ်သားများ မဟုတ်သည်ကတော့အမှန်ပင်။ သူတို့အားလုံးသည် ပေါ်လွင်ထင်ရှားသော နိုင်ငံရေးနန်းဆက် အနွယ်ဝင်များဖြစ်ကြသည်။
အာရှ၏ ပထမအမျိုးသမီးခေါင်းဆောင်မှာ သီရိလင်္ကာနိုင်ငံမှ သီရိမာဘိုဘန္ဒရာနိုက်ဂေး ဖြစ်သည်။ ၁၉၆၀ ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဝန်ကြီးချုပ်၏ ကတော်ဖြစ်ပြီး သူလုပ်ကြံ ခံခဲ့ရပြီးနောက် နေရာဆက်ခံခြင်းဖြစ်သည်။ သူမ၏သမီးဖြစ်သူ ချန်ဒရီကာကုမာရတွန်ဂါသည်လည်း လင်းယောကျ်ား လုပ်ကြံခံခဲ့ရသူဖြစ်ပြီး မိခင်နေရာကို ဆက်ခံကာ (၁၉၉၄) ခုနှစ်တွင် သမ္မတဖြစ်လာမည့် သူမ၏မိခင်က ဝန်ကြီးချုပ်နေရာ ပြန်လည်ရယူခဲ့သည်။
အာရှ၏ အထင်ရှားဆုံး အမျိုးသမီးခေါင်းဆောင်မှာ အိန္ဒိယနိုင်ငံမှ အင်ဒီရာဂန္ဒီပင်ဖြစ်သည်။ အိန္ဒိယ၏ ပထမဦးဆုံး သမ္မတဖြစ်သော နေရူး ကွယ်လွန်ပြီး အရိုက်အရာ ဆက်ခံခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကိုရာဇန်အကွီနိုသည် မိမိ၏လင်ယောကျ်ား အဓိကအတိုက်အခံခေါင်းဆောင် လုပ်ကြံခံရခြင်းကို အကြောင်းပြုပြီး “ပြည်သူ့အာဏာ” လှုပ်ရှားမှုများဖြင့် သမ္မတဖြစ်လာသည်။ ဖိလစ်ပိုင် အခြားသမ္မတ တစ်ဦးဖြစ်သော ဂလိုရ႘ယာ အရိုယိုသည်လည်း ယခင်သမ္မတတစ်ဦး၏ သမီးဖြစ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း တာနာကာမကီကိုမှာ ဝန်ကြီးချုပ်သမီးဖြစ်သည်။ တောင်ကိုးရီယားနိုင်ငံ၏ အရေးပါလာသော အမျိုးသမီးခေါင်ဆောင် ပတ်ဂွန်ဟေးသည် လုပ်ကြံခံရသော အာဏာရှင် ပတ်ချွန်ဟေး၏ သမီးဖြစ်သည်။
အာရှ၏ နိုင်ငံရေးနန်းဆက်မှ မလာသော အမျိုးသမီးခေါင်ဆောင်များလည်းရှိသည်။ တိုင်ဝမ် ဒုတိယသမ္မတ အန်နက်တီလူသည် လူ့အခွင့်ရေးလှုပ်ရှားသူ အတိုက်အခံ နိုင်ငံရေးသမားဖြစ်သည်။ ဟောင်ကောင်မှ အုပ်ချုပ်ရေးဌာန အတွင်းရေးမှူး အကြီးအကဲဖြစ်သူ အန်ဆန်ချမ်းသည် လုပ်သက်ရင့် အစိုးရဝန်ထမ်းမှလာသည်။ သူမ၏ရာထူမှာ ဟောင်ကောင်၏ ဒုတိယ အဆင့်အမြင့်ဆုံး ဖြစ်သည်။ ဂျပန်၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း ယိုရီကိုကာဝါဂူချီသည်လည်း လုပ်သက်ရင့် ဝန်ထမ်း တစ်ဦးဖြစ်ခဲ့သည်။
ဘာကြောင့် အမျိုးသမီးနန်းဆက်ခံမှု အောင်မြင်ရသလဲ?
အာဇာနည်ခေါင်းဆောင်များကြောင့် လူထုအား စည်းရုံးစုစည်းနိုင်သည့်တိုင် ထို ကျဆုံး၊ အကျဉ်းကျ ခေါင်းဆောင်များ၏ မိသားစုများ၏ အကျိုးစီပွားအတွက် အလေးအနက် ဖြေရှင်းရမည့် အန္တရာယ်များရှိလာသည်။ ပုဂ္ဂိုလ်ရေး အလွန်အကျူး အခြေခံသောပါတီများ၊ အုပ်စုကွဲများသည် တချိန်တခါက ခေါင်းဆောင်များ၏ ကြည်ညိုလေးစားဖွယ်နှင့် အာဏာပိုင်မှုအပေါ် စည်းလုံးခဲ့ကြသော်လည်း သူတို့ မရှိတော့သောအခါ အာဏာလွန်ဆွဲပွဲများအကြား အတွင်းကွဲပြဲမှုများ ကို ရင်ဆိုင်ကြရသည်။ ထို့ပြင် အခြားပါတီများ (သို့) အဖွဲ့အုပ်စုများက ထိုအာဇာနည်များ၏ အရှိန်အဝါကို ခိုလှုံပြီး ဆန္ဒပြပွဲများ အကျိုးရလာဒ်များ ရသွားမလားကိုလည်း စိုးရိမ်ပူပင်ကြသည်။
အာဏာဆက်ခံသူများသည် အာဇာနည်များ၏ မိသားစု အဝန်းအဝိုင်းမှ ဖြစ်ရမည်ဖြစ်ပြီး အဖွဲ့၏ အင်အားနှင့် စည်းလုံးညီညွတ်မှုကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ဖြစ်သည်။ မကြာခဏပင် အမွေခံများသည် ဦးစွာအားဖြင့် ယောကျ်ားများ ဖြစ်တတ်သည်။ သို့သော်လည်း နောက်ပိုင်း၌ အမျိုးသမီးသားချင်းများကို ဘာကြောင့် အစားထိုး ရွေးချယ်ကြပါသလဲ?
အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ ပုရိသခေါင်းဆောင်များသည် မိသားစု အခြေခံအုပ်စုများ၏ ခေါင်းဆောင်ပိုင်းမှ ထောက်ခံမှုကို မရရှိနိုင်ခြင်းဖြစ်သည်။
သူတို့၏ စိတ်အား မထက်သန်မှု ၊သင့်လျှော်ကိုက်ညီခြင်း မရှိမှုတို့ကြောင့် ဣတ္ထိယများကို ရွေးကြခြင်းဖြစ်သည်။ သို့သော်လည်း အမျိုးသမီးခေါင်းဆောင်ကို ပုရိသ ဆွေမျိုးများ၏ အလိုဆန္ဒအရသာ ရွေးသည်ဟု အတွေးမမှားစေချင်။ အချက်တစ်ချက်မှာ အခြားအုပ်စုခေါင်းဆောင် ဖြစ်မည့်သူများအတွက် ခြိမ်းချောက်နိုင်မှု နည်းပါးခြင်း၊ စွမ်းရည်ရှိသော ပြိုင်ဘက်များအတွက် ပိုမိုလွယ်ကူစွာ စည်းရုံးနိုင်ခြင်းပင် ဖြစ်သည်။
အမျိုးသမီးခေါင်းဆောင်များသည် မင်းဆက်မာန အရှိန်သန်းသော်လည်း ပါတီကို အစစ်အမှန် ထိမ်းချုပ်မှုကို ပုရိသခေါင်းဆောင်များအား ချန်အပ်လိမ့်မည်ဟုလည်း စဉ်းစားကြသည်။ သူမတို့ကို သင်္ကေတသဘောကဲ ခေါင်းဆောင်မှုအဖြစ် ရှုမြင်ကြသည်။ သို့ရာတွင် ပါတီတွင်း တိုက်ပွဲများကို ရှောင်ရှားနိုင်ရန် ထောက်ခံသူ ပုရိသများကို စုဖွဲ့ပေါင်းစည်းရန် အကျိုးများကြောင့် ပိုမိုလက်တွေ့ကျကျ သိမြင်လာကြသည်။
အဖကြီးစိုးမှု ကြန်အင်လက္ခဏာ အကြီးအကျယ် လွှမ်းမိုးနေသော ထိုလူ့အဖွဲ့အစည်းများတွင် အမျိုးသမီးများအား ခေါင်းဆောင်မှုအရိုက်အရာ ဆက်ခံရန် ဘာကြောင့်စဉ်းစား ဆင်ခြင်ကြသည်ကို မေးခွန်းထုတ်နေရဆဲဖြစ်သည်။ ထင်ရှားသော နိုင်ငံရေးသမားများ၏ ဇနီး (သို့) သမီးဟူသော မြင့်မားသည့် လူမှုအနေအထားက လိင်ခွဲခြားဆက်ဆံမှုကို အောင်နိုင် ကျော်လွှား နိုင်စေသည်။ ဆွေမျိုးသားချင်းဖြစ်မှုက လိင်သဘာဝကို တပတ်ရိုက်ခြင်းလည်းဖြစ်သည်။ ထိုပြင် အာဇာနည်ဖြစ်မှုက ဖန်တီးပေးလိုက်သော ချွင်းချက်နိုင်ငံရေး အခင်းအကျင်းသည် ထုံးတမ်းစဉ်လာ အမျိုးသမီးကဏ္ဍကို ချိုးဖျက်ရန် ပိုမိုသည်းခံလိုက်လျောမှုကို ဖြစ်ပေါ်စေသည်။
ဘန်နီဇွာဘူတိုက သူမ၏ “ဇီယာဆန့်ကျင်ရေး” မဲဆွယ်တရားပွဲတွင် “ကျမကို အတိုက်အခံ လုပ်မယ့်သူ မရှိဘူး (အမျိုးသမီးတွေကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားတဲ့နယ်ပယ်တွေမှာတောင်)။ တိုင်းပြည်ရဲ့အတိဒုက္ခ္ဂ၊ ကျမမိသားစု အပါအဝင် အားလုံးရဲ အတိဒုက္ခတွေက လိင်သဘာဝ အတားအဆီးတွေကို ကျော်တက်နိုင်စေခဲ့တယ်” ဟု ရေးသားခဲ့သည်။
(Mark R. Thompson ရေးသာသော Female Leadership of democratic transitions in Asia) စာတမ်းမှ ကောက်နုက်ဘာသာပြန်သည်။)