Homeသတင်းAMDP နှင့် MNP တို့ကိုပယ်ဖျက်၍ မွန်ညီညွတ်ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

AMDP နှင့် MNP တို့ကိုပယ်ဖျက်၍ မွန်ညီညွတ်ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

-

မွန်သတင်းအေဂျင်စီ(ဇူလိုင် ၁၂)

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့စွဲဖြင့် မွန်ညီညွတ်ရေးပါတီ Mon Unity Party-MUP ကို မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ထိုသို့ ဖျက်သိမ်းလိုက်သော ပါတီပိုင်ပစ္စည်းအားလုံးကို မွန်ညီညွတ်ရေးပါတီပိုင် ပစ္စည်းအဖြစ် စာရင်းပြောင်း လက်ခံရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ကော်မရှင်က မှတ်ပုံတင်အမှတ် (၁၁၇)၊ ၁၁-၇-၂၀၁၉ ရက်စွဲပါ ကြေညာချက်အမှတ် (၁၂၀/၂၀၁၉) ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို မှတ်ပုံတင်အမှတ် (၁၃)၊ ၂၄-၅-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၅၁/၂၀၁၀) ဖြင့် လည်းကောင်း၊ မွန်အမျိုးသားပါတီကို မှတ်ပုံတင်အမှတ် (၅၈)၊ ၁၀-၇-၂၀၁၂ ရက်စွဲပါ ကြေညာချက်အမှတ် (၃၄/၂၀၁၂) ဖြင့် လည်းကောင်း နိုင်ငံရေးပါတီများအဖြစ် ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အလားတူ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ Chin National Democratic Party, ချင်းတိုးတက်ရေးပါတီ Chin Progressive Party နှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ၃ ပါတီပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ Chin National League for Democracy အဖြစ် ကော်မရှင်က ဇူလိုင် ၁၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း အစိုးရထုတ်သတင်းစာများ၌ ဖော်ပြသည်။


Photo-AMDP နှင့် MNP ပယ်ဖျက်ကြောင်း သတင်းစာပါကြေညာချက်(ကြေးမုံ)


ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts