Homeသတင်းသံဖြူဇရပ်မြို့တွင် အိမ်ခြံမြေဂရမ် စတင်ထုတ်ပေး

သံဖြူဇရပ်မြို့တွင် အိမ်ခြံမြေဂရမ် စတင်ထုတ်ပေး

-

ရွှေရိုး(သံဖြူဇရပ်-၁၁)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အတွက် အိမ်ခြံမြေဂရမ်စတင်ထုတ်ပေးသည့်အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်ကျောင်းရှိ ပညာဗိမာန်ခန်းမ၌ ယနေ့ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ခုနှစ်အတွင်း မွန်ပြည်နယ် (၁၀) မြို့စလုံးကို အိမ်ခြံမြေဂရမ် အပြီးသပ်လုပ်ဆောင်ပေးသွားရန် စီစဉ်ထားသည်ဟုလည်း ဝန်ကြီးချုပ်က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

“Project အနေနဲ့ မြို့တစ်မြို့လုံးကို ပေးတယ်။ အဲဒါကိုလည်း တဖြည်းဖြည်းနဲ့ ပြီးသွားမယ်။ သံဖြူဇရပ်တစ်မြို့လုံး၊ အခြားမြို့တွေမှာလည်း ဆက်လုပ်သွားမယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ မြို့မြေတိုင်းတာမှုများ၊ ရက်ကွက်ဧရိယာတိုင်းတာမှုများနှင့် အကွက်စိပ်၊ အကွက်ကျဲ စိစစ်တိုင်းတာပြီး မြို့မြေပုံမှန်ကန်မှသာလျှင် အတည်ပြု၍ ပုံစံ ၁၀၃ ကို စတင်လျှောက်ခဲ့ကြောင်း သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ညွန့်က ရှင်းပြသည်။

“အဲဒီလျှောက်တဲ့နေရာမှာလည်း တစ်ချို့တွေက မသိလို့ မလာဖြစ်ဘူး။ ကျွန်တော်က ကိုယ့်ရပ်ကွက်သားရဲ့အကျိုးအတွက် အိမ်တိုင်းရာရောက်သွားပြီး လာလျှောက်ကြပါလို့ တိုက်တွန်းတယ်။ အခွင့်အရေးရတော့ ယူထားကြပါ။ တစ်ချို့ကြတော့ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးရောက်နေရင် ဒါတွေက ကျန်ကောင်း ကျန်ခဲ့လိမ့်မယ်လို့ ထင်ပါတယ်”ဟု ဦးအောင်ညွန့်က ဆိုသည်။

မြေဂရမ်မရှိခဲ့သဖြင့် အိမ်မြေအရောင်းအဝယ်ပြုလုပ်ရာတွင်လည်းကောင်း၊ မိသားစုအချင်းချင်းကြားတွင်လည်းကောင်း၊ မြေအရောင်းအဝယ်ပြုလုပ်ရာတွင်လည်း ပြဿနာဖြစ်ပွားခဲ့မှုများရှိနေကြောင်း အောင်ဇေယျရပ်ကွက် ရာအိမ်မှူး ဦးထွန်းလှက ပြောသည်။

“မြေငှားဂရမ်ရတယ်ဆိုတော့ အဆင်ပြေတာပေါ့၊ ဘဏ်နဲ့ ချိတ်ဆက်ပြီး ငွေချေးလို့ရတာပေါ့”ဟု ဦးထွန်းလှက ဆက်ပြောသည်။

သံဖြူဇရပ်မြို့ကို အိမ်မြေငှားဂရမ် ပထမဦးဆုံးထုတ်ပေးခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် အောင်ဇေယျရပ်ကွက်တစ်ခုတည်းသာ အိမ်ခြံမြေငှားဂရမ် ၁၀၅ ခုထုတ်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသည့် ရပ်ကွက်များကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနထံမှ သိရသည်။


Photo-မြို့မြေငှားဂရမ် ပေးအပ်ခြင်းအခမ်းအနား(MNA)



ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts