spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်း၂၀၂၀ ရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ ကျင်းပမည်ဟုဆို

    ၂၀၂၀ ရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ ကျင်းပမည်ဟုဆို

    -

    ရွှေရိုး(မော်လမြိုင်၊ ဇူလိုင် ၉)

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများတွေ့ဆုံပွဲကို ဇူလိုင်လ (၈) ရက်က မော်လမြိုင်မြို့ရှိ ရွှေဟင်္သာခန်းမ၌ ကျင်းပရာ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား စံ (၅) ချက်နှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန်နှင့် ပြည်သူ့ဆန္ဒနှင့်ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဟူသော စံ (၅) ချက်ဖြစ်ကြောင်း ၎င်းကဆိုသည်။

    “လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ လွတ်လပ်၍ တရားမျှတတဲ့ရွေးကောက်ပွဲကြီးဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ဦးစောဒယ်နီရယ်ကြည်က ပြောသည်။

    အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းနှစ်အဖြစ်သတ်မှတ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်စေရေးနှင့် မဲဆန္ဒရှင်စာရင်းများရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဦးစောဒယ်နီရယ်ကြည်က ဆက်ပြောသည်။

    အလားတူ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိန်းလင်းထက်က “ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး တူညီသောအခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိပဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးခြင်းဖြင့် အများယုံကြည်လက်ခံလာစေဖို့” ဟု ဆိုသည်။

    ထို့အတူ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်မှု မြှင့်တင်ပေးရန်နှင့် အငြင်းပွားမှု ပဋိပက္ခဖြစ်စေနိုင်သော ကိစ္စရပ်များကို လျော့ချရန်၊ လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲများဖြစ်စေရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ လုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံမှုရှိစေရန်ဟူ၍ မဟာဗျုဟာစီမံကိန်းကို ရေးဆွဲထားကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိန်းလင်းထက်က ဆိုသည်။

    ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၃၆/၂၀၁၉) ဆုံးဖြတ်ချက်အရ အတည်ပြုထားသည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို ထည့်သွင်းပြုစုသွားမည်ဖြစ်သည်။

    အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများတွေ့ဆုံပွဲသို့မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယခင်သတင်းထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁ သောင်း ၆ ထောင်ကျော်ရှိခဲ့ရာမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ရှိလာသည့်အတွက် ၅ နှစ်ကာလအတွင်း မဲပေးပိုင်ခွင့်ရှိသူ ၅ သိန်းကျော် ၅၀% ရာခိုင်နှုန်းတိုးပွားလာကြောင်း တွေ့ရှိရသည်။


    Photo- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
    ဦးစောဒယ်နီရယ်ကြည်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks