Homeသတင်းသက်ငယ်မုဒိမ်းပပျောက်ရေး မော်လမြိုင်တွင် ဆန္ဒဖော်ထုတ်မည်

သက်ငယ်မုဒိမ်းပပျောက်ရေး မော်လမြိုင်တွင် ဆန္ဒဖော်ထုတ်မည်

-

ဝံသမွန်(ဇူလိုင် ၉)

သက်ငယ်မုဒိမ်းပပျောက်စေရန်ရည်ရွယ်၍ မော်လမြိုင်မြို့၌ လာမည့် ဇူလိုင်လ ၁၃ ရက်၊ စနေနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဆန္ဒဖော်ထုတ်ပွဲ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ညဈေးတွင် စုရပ်အဖြစ်သတ်မှတ်ကာ ပြည်နယ်လွှတ်တော်ရုံးရှေ့ရှိ သံလွင်ဥယျာဉ်သို့ ဆုံရပ်အဖြစ်သတ်မှတ်ထားပြီး သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်သည့် ဟောပြောပွဲ ပြုလုပ်သွားမည်ဟု မွန်ပြည်နယ်လူမှုအဖွဲ့အစည်းကွန်ရက်မှ ကိုကျော်ကျော်ဇင်က ပြောသည်။

ကိုကျော်ကျော်ဇင်က “ကျွန်တော်တို့အနေနဲ့ သက်ငယ်မုဒိမ်းနဲ့ပတ်ပြီး ပြစ်မှုပြစ်ဒဏ်တွေ ပိုပြီးထိရောက်စွာ ဆောင်ရွက်ပေးဖို့ လုပ်တဲ့ Campaign ဖြစ်တဲ့အတွက်ကြောင့် တရားမျှတမှုတွေလိုလားတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဆိုသည်။


Photo- မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဆွေးနွေးကြစဉ်(MNA)

မုဒိမ်းမှုပိုမိုများပြားလာသည့်မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့်ကလေးငယ်များအတွက် လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်၍ အစိုးရဘက်က စီစဉ်ဆောင်ရွက်မှု အားနည်းနေသေးကြောင်း Campaign လှုပ်ရှားမှုဦးဆောင်သူ ဦးထွန်းအောင်က မွန်သတင်းအေဂျင်စီကို ပြောသည်။

ဦးထွန်းအောင်က “သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး အစိုးရဘက်က လုပ်ဆောင်မှုတွေ အားရမှုသိပ်မရှိဘူး၊ ဘာလို့လဲဆိုတော့ လူ့အခွင့်အရေးစံချိန်စံနှုန်းအရ လုပ်ဆောင်ရမယ့်အပိုင်းရော၊ တရားမျှတမှုအခြေအနေ အပိုင်းတွေမှာပါ တကယ့်လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့အရာတွေက တော်တော်လေးကြန့်ကြာနေတယ်၊ အားရစရာ မရှိဘူး” ဟု ဆိုသည်။

ဒေသတွင်း သက်ငယ်မုဒိမ်းမှုပပျောက်ရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရန်နှင့် justice for Victoria လှုပ်ရှားမှုကို ဝန်းရံနိုင်ရန်ရေး ဇူလိုင်လ ၈ ရက်နေ့က မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်ရုံးတွင် ကျင်းပခဲ့ရာ သက်ဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် စိတ်ဝင်းစားသူ လူအင်အား ၄၀ ကျော်တက်ရောက်ကြောင်း တွေ့ရှိရသည်။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းတက်ရောက်နေသော အသက်သုံးနှစ်အရွယ်ခန့် Victoria (နာမည်လွှဲ) မိန်းကလေးငယ်တစ်ဦး မဖွယ်မရာပြုကျင့်ခံရမှုအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးအတော်တော်များများတွင် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခဲ့သည်။




ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts