spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးဆွေးနွေးပွဲ ကဏ္ဍကြီး ၅ ရပ်အတွက် မွန်အဖွဲ့အစည်းများကြိုတင်ပြင်ဆင်

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကဏ္ဍကြီး ၅ ရပ်အတွက် မွန်အဖွဲ့အစည်းများကြိုတင်ပြင်ဆင်

    -

    မင်းသုတ (မော်လမြိုင်-ဇူလိုင် ၈)

    ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ကဏ္ဍကြီး ၅ ရပ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်နေကြသည့် မွန်တိုင်းရင်းသားအဖွဲ့အစည်းများက မော်လမြိုင်မြို့၌ နှစ်ရက်တာဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

    NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် မွန်ပြည်သစ်ပါတီ NMSP, မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့အား ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီ MUP ၊ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် နည်းပညာအထောက်အကူပြုများအပါအဝင် စုစုပေါင်း ၅၀ ဦးကျော်ခန့် ငန်းတေးရပ်ကွက်ရှိ မွန်အမျိုးသားပညာရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၅ ရက်နေ့က ကျင်းပပြီးစီးခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် နိုင်ဟံသာ ဗိန်ခိုင်းက “လက်ရှိ ကျနော်တို့ဆက်သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကဏ္ဍကြီး ၅ ရပ်ပဲလို့ ပြောဆိုနေကြပေမယ့် သက်ဆိုင်ရာကဏ္ဍတစ်ခုချင်းစီမှာ ခေါင်းစဉ်ခွဲတွေက အများကြီးရှိပါတယ်၊ ဒါကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာပါဝင်နေတဲ့ သက်ဆိုင်ရာ မွန် Stakeholder တွေအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မစတင်ခင်မှာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အခုလိုတွေ့ဆုံကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍကြီး ၅ ရပ်တွင် ပါဝင်ဆွေးနွေးနိုင်မည့်ပုဂ္ဂိုလ်များကို ရွေးချယ်ခြင်း၊ စာတမ်းများရေးသားပြုစုရန် တာဝန်ခွဲဝေခြင်း၊ ကာလအပိုင်းအခြားများသတ်မှတ်၍ ဆက်စပ်အစည်းအဝေးများ မည်ကဲ့သို့ဆက်လက်ကျင်းပသွားကြမည်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များအား ၎င်းကပြောကြားခြင်း မရှိပေ။

    ဆွေးနွေးပွဲသို့ တတ်သိပညာရှင်အဖြစ်ဖိတ်ကြားခံရသည့် သံတမန်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အထူးပြုလေ့လာသူ ဒေါက်တာ မင်းခင်မောင်ရင်က “ပြည်ထောင်စုမြန်မာနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက စစ်ပွဲတွေတောက်လျောက်ဖြစ်ခဲ့တာ ငြိမ်းချမ်းရေးက တစ်ခါမှမရခဲ့ပါဘူး၊ လက်ရှိမြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေး Transitional ၂ ခု သွားနေတယ်လို့ ကျနော်မြင်တယ်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါ၊ သမ္မတဦးသိန်းစိန်လက်ထက်မှာ အနိမ့်ဆုံးအဆင့် ဒီမိုကရေစီကို စတင်နိုင်ခဲ့ပြီးပြီ၊ ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲခဲ့ပါတယ်၊ အခြေခံလွပ်လပ်ခွင့်စတဲ့ စည်းရုံးဟောပြောခွင့် ဆန္ဒထုတ်ဖော်စီတန်းလှည့်လည်ခွင့် လွတ်လပ်စွာရေးသားထုတ်ဝေခွင့်တွေ အထိုက်အလျောက် ရရှိခဲ့ပြီးပြီ” ဟု ဆိုသည်။

    သို့ရာတွင် တရားဥပဒေစိုးမိုးရေးနှင့် ရွေးကောက်ခံမဟုတ်သူများကို နိုင်ငံရေးအုပ်ချုပ်မှုနယ်ပယ်ထဲမှ ဆွဲထုတ်နိုင်ခြင်းမရှိသေးဟု ၎င်းက ဆိုသည်။

    “ဒီဖြစ်စဉ်တွေက NLD အစိုးရလက်ထက်ရောက်လာတဲ့အခါ တန့်သွားပါတယ်၊ ဒီမိုကရေစီက ရှေ့ဆက် မတိုးတော့ဘူး၊ အချို့ဟာတွေ နောက်ပြန်ဆုတ်သွားတယ် ဒါကတစ်ဘက် အခြားတစ်ဘက်မှာ ငြိမ်းချမ်းရေးကို ကြည့်မယ်ဆိုရင်လည်း NCA ကိုရှေ့ဆက်သွားဖို့ ခက်နေပြန်တယ်၊ ဒါကြောင့် ကျနော်တို့နိုင်ငံရဲ့ Transitional Process ၂ ခုကို ရှေ့ဆက်သွားနိုင်ဖို့ မဖြစ်နိုင်သလို အားလုံးကလည်း ၂၀၂၀ ရွေးကောက်ပွဲဆီ အာရုံစိုက်နေကြတယ်၊ Key Player အားလုံးက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားပုံမပေါ်တော့ဘူး” ဟု ဒေါက်တာ မင်းခင်မောင်ရင်က ဆက်ပြောသည်။

    ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအစည်းအဝေး တစ်နှစ်ကျော် ရပ်နားခဲ့ရသလို လက်ရှိ NLD အစိုးရလက်ထက်တွင် ၂၀၂၀ မတိုင်မီအထိ နောက်ထပ်ညီလာခံ ဆက်လက်ကျင်းပနိုင်မည့် အလားအလာများ မတွေ့ရှိရသေးပေ။

    ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများတွင် နိုင်ငံရေးကဏ္ဍ ၁၆ ချက်၊ စီးပွားရေးကဏ္ဍ ၁၂ ချက်၊ လူမှုရေးကဏ္ဍ ၁၁ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ၁၂ ချက် စုစုပေါင်း ၅၁ ချက်ကို ပြည်ထောင်စုသဘောတူညီချက် Union Accord လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း လုံခြုံရေးကဏ္ဍတွင် သဘောတူညီမှု လုံးဝမရရှိသေးကြောင်း သိရသည်။


    Photo- ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒေါက်တာ မင်းခင်မောင်ရင်
    ရှင်းလင်းပြောကြားစဉ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks