spot_img
Monday, May 20, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးမြေယာအငြင်းပွားမှု မင်းမဲ့စရိုက်ဆန်ဆန်ဖြေရှင်းနေပုံကို Live လွှင့်တင်

    မြေယာအငြင်းပွားမှု မင်းမဲ့စရိုက်ဆန်ဆန်ဖြေရှင်းနေပုံကို Live လွှင့်တင်

    -

    မင်းထက်အောင် (ဇူလိုင်-၇)

    မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့ကို ပိုင်းခြားထားသည့် မလွှဲတောင် မော်တော်ကားလမ်းမကြီးပေါ်တွင် လက်နက်ချပြည်သူ့စစ်ငြိမ်းချမ်းရေးအုပ်စုကတစ်ဘက် ဒေသခံကတစ်ဘက် ဒါးလက်နက်များကိုင်ဆောင်၍ မင်းမဲ့စရိုက်ဆန်ဆန်ဖြေရှင်းနေပုံကို Soe Than Naing Facebook က Live လွှင့်တင်ခဲ့သည်။

    ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က တစ်ဘက်နှင့်တစ်ဘက် ရင်ဆိုင်သတ်ဖြတ်နိုင်လောက်သည့် အခြေအနေရှိသော အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အား ၉ မိနစ်ကြာခန့်လွင့်တင်ခဲ့သည့် Facebook Live မှ လေ့လာချက်အရ စစ်မှန်သောထာဝရ ငြိမ်းချမ်းရေးဖေါ်ဆောင်နေသည့် ပြည်သူ့ကျောင်းသားတပ်ဦး (Peace People Students Association-PPSA) ဗိုလ်မှူးကြီး စိုးသန်းနိုင် ဆိုသူနှင့် ၇ နှစ်ကြာခန့် သံပုရာပင်များ စိုက်ပျိုးထားသူ ဒေသခံ ဦးလှဝင်းတို့ဖြစ်ကြောင်း သိရှိရသည်။

    Photo1- ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ်(Facebook)

    “ဒါတွေက သစ်တောဧရိယာမြေ(မလွှဲတောင်)၊ လမ်းပေ ၁၅၀ ပါတယ်၊ ဒါတွေကို သူတို့အရောင်းအဝယ်လုပ်ပြီးတော့ အဲဒီတောင်စောင်းမြေနေရာတွေမှာ အပင်စိုက်ဖို့ပေါက်တူး ပေါက်လိုက်တဲ့အခါမှာ အဲဒီပေါက်တူးချက် လေးတွေက မြေကြီးတွေဝင်ပြီး မိုးကြီးလို့ ဒါကြီးပြိုကျသွားရင် လူတွေအန္တရာယ်ရှိတာတစ်ပိုင်း၊ နောက်ပြီးတော့ လမ်းပြန်လုပ်ရတဲ့အခါမှာ ငွေသိန်းပေါင်းများစွာကုန်မယ်၊ ဒါလေးမလုပ်ဖို့လို့ ကျနော်တို့စီမံကိန်းက တားတယ်” ဟု ဗိုလ်မှူးကြီးစိုးသန်းနိုင်က ပြောသည်။

    ထို့ပြင် မလွှဲတောင်လုပ်ကွက်အားလုံးကို မိမိစီမံအုပ်ချုပ်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းအောင်မြင်ရေးအတွက် ဒေသအခြေအနေလုံခြုံရေးအရ တပ်မတော်(စရဖ)၊ အလင်းဝင်ပြည်သူ့စစ်ငြိမ်းချမ်းရေးအဖွဲ့၊ အရပ်ဖက်လူမှုရေးအဖွဲအစည်းများ၏ဆန္ဒအရ မြေနေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်း၏ Facebook တွင် ဆက်လက်ဖော်ပြထားသည်။

    “ဒါကြောင့် မလုပ်ပါနဲ့ အကြိမ်ကြိမ်တားပေမယ့် မရဘူး၊ အဲဒီတော့ ဒီတိုင်းပြည် ဘာတွေဖြစ်နေပြီလဲပေါ့ဗျာ၊ ကျနော်တို့ စိတ်နဲ့လည်းမရပါဘူး၊ သူပုန်စိတ်နဲ့မရဘူး” ဟု ဗိုလ်မှူးကြီးစိုးသန်းနိုင်က နောက်ထပ် Live တစ်ကြိမ်လွှင့်တင်၍ ပြောကြားခြင်း ဖြစ်သည်။

    လမ်းပြိုကျပြီး ခရီးသွားများအန္တရယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် မိမိတို့အနေဖြင့် အမုန်းခံပြီးပြောဆိုနေရပြီး တာဝန်ရှိသည့် သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရဲတို့က တားဆီးပေးခြင်းမရှိဟု ၎င်းက ဆိုသည်။

    အစီအစဉ်ကို ကြိုတင်ပြင်ဆင်ထားသည့် အလင်းဝင်အုပ်စုဘက်၌ အမျိုးသမီးတစ်ဦး၊ ဒါးနှင့် လေးခွကိုနောက်မှဖွက်၍ ကိုင်ဆောင်ထားသူများ၊ ဗီဒီယိုမှတ်တမ်းရိုက်သူနှင် Live လွှင့်တင်သူ စုစုပေါင်း ၅ ဦးနှင့်မနည်းရှိပြီး ဒေသခံဘက်တွင် ဒါးဖြင့်ပြန်လည်ခုခံနေသူအမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိရသည်။

    “ ဒါ ခင်ဗျားဟာလား၊ ခင်ဗျားဝင်လာခဲ့ ခုတ်မယ်၊ ကိုယ့်မြေနေရာ ကိုယ်ခုတ်ပြီးအပင်စိုက်တာ၊ အနား ကပ်မလာနဲ့ ငါ့ကိုယ်ကို ငါကာကွယ်နေတာ” ဟု ဒါးကိုင်ထားသူ ဒေသခံဦးလှဝင်းက ခုခံပြောဆိုခဲ့သည်။

    အဆိုပါ Facebook Live တွင် ဝင်ရောက်ကြည့်ရှုခဲ့သူ ၂ သောင်း ၆ ထောင်ကျော်ရှိပြီး တရားဥပဒေစိုးမိုးမှုအပေါ် ဝေဖန်မှုအမျိုးမျိုးပေးကြသည်။

    သို့ရာတွင် အမည်မဖော်ပြလိုသော မွန်ပြည်နယ် မြေယာအရေးလှုပ်ရှားသူတစ်ဦးက “Soe Than Naing က လက်နက်ကိုင်အဖွဲ့တစ်ခု ထောင်ပြီး လုပ်စားနေတာကြာပြီ၊ အခုနေရာမှာ မြေတွေ အများကြီး လိုက်သိမ်းနေတာ၊ တခါက မော်လမြိုင် Land Workshop တစ်ခုမှာ စိုးသန်းနိုင်က ဝန်ကြီးတစ်ပါးကို လိုက်တိုင်နေတယ်၊ မြေယာအရေး ဆောင်ရွက်နေတဲ့ CSO တွေကို အရေးယူပါတဲ့” ဟု ပြောသည်။

    တပ်မတော်ထံ အကြွင်းမဲ့လက်နက်အပ်နှံပြီးသော ဗိုလ်မှူးကြီး စိုးသိန်းနိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တရားဝင်ခွင့်ပြုမိန့်ရ မလွှဲတောင်သဘာဝရတနာ ပရဟိတကုသိုလ်ဘဏ်လုပ်ငန်းစု၊ ကဗျာဝဟိုတယ်စီမံကိန်းလုပ်ငန်းစု ဥက္ကဌနှင့် ဒေသခံပြည်သူ့အစုအဖွဲ့ပိုင်သစ်တော စီမံအုပ်ချုပ်မှုကော်မတီ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသော CSO ဝန်ထမ်းဖြစ်ကြောင်း ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ၂၀၁၇ ခုနှစ်က ထောက်ခံချက်ကဒ်ပြားတစ်ခု ပြုလုပ်ပေးထားသည့်မိတ္တူကို တွေ့ရှိရသည်။


    Photo2- ဗိုလ်မှူးကြီး စိုးသိန်းနိုင်အတွက် သက်ဆိုင်ရာမှထုတ်ပေးထားသည့် ထောက်ခံချက်(Copy)


    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts