spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်စက်သုံးဆီဆိုင်အချို့ ဆီအရည်အသွေးနိမ့်ကျနေကြောင်းစစ်ဆေးတွေ့ရှိ

    မွန်ပြည်နယ်စက်သုံးဆီဆိုင်အချို့ ဆီအရည်အသွေးနိမ့်ကျနေကြောင်းစစ်ဆေးတွေ့ရှိ

    -

    စန္ဒာဉာဏ်(မော်လမြိုင်-ဇူလိုင် ၄)

    မွန်ပြည်နယ်တွင် ၇ လခန့်အတွင်း စက်သုံးဆီဆိုင်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ ထက်ဝက်ကျော်မှာ အရည်အသွေးပြည့်မီမှုမရှိကြောင်း မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီထံမှ သိရသည်။

    ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလကုန်မှ ၂ဝ၁၉ ခုနှစ် ဇွန်လအတွင်း စက်သုံးဆီ ရောင်းချသည့်ဆိုင်ပေါင်း ၁၆ ဆိုင်အား ရှောင်တခင်စစ်ဆေးထားပြီး ၎င်းတို့အနက် ၉ ဆိုင်မှာ သတ်မှတ်ထားသည့် အရည်အသွေးထက် နိမ့်ကျနေသည်ကို တွေ့ရှိခဲ့ရသည်ဟု မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးမောင်မောင်စိုးက ပြောသည်။

    “ဆိုင်နာမည်ကိုတော့ ပြောပြခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဆီဆိုင်တွေရဲ့ ရေရှည်ရပ်တည်ရေးကို စဉ်းစားပေးရတယ်လေ” ဟု ၎င်းကပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာတွင် မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီရောင်းချသည့်ဆိုင် ၅ ဆိုင်အနက် ၄ ဆိုင်၊ ယခုနှစ် ဇန်နဝါရီလတွင် မော်လမြိုင်နှင့်ပေါင်မြို့နယ်ရှိ စက်သုံးဆီဆိုင် ၅ ဆိုင်အနက် ၃ ဆိုင်နှင့် ဇွန်လတွင် မော်လမြိုင်နှင့်မုဒုံမြို့နယ်ရှိ ၆ ဆိုင်အနက် ၂ ဆိုင်မှာ အရည်အသွေးပြည့်မီမှုမရှိဟု ဆိုသည်။

    အရည်အသွေးစစ်ဆေးရာတွင် စက်သုံးဆီနမူနာများကို ဆိုင်အမည် မဖော်ပြဘဲ ပုံးအလိုက် ကုတ်နံပါတ်ဖြင့် ရေးမှတ်ပြီး အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ်ပြီး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    “အရေးပေါ်ကိစ္စမျိုး တိုင်ကြားလာတဲ့ကိစ္စမျိုးဆိုရင် ချက်ချင်းကောက်စစ်မှာပါ။ ကျွန်တော်တို့က အခု ရှောင်တခင်လို့သာပြောတယ် အဖွဲ့နဲ့စစ်ရတယ်ဆိုတော့ စုဖွဲ့ရသေးတယ်။ တကယ်တမ်း ရှောင်တခင်ဆိုတာက ဝုန်းခနဲဆိုသွားစစ်မှ ရှောင်တခင်ခေါ်တာပေါ့။ အရှိန်အဟုန်မြှင့်တော့ စစ်ရမှာပေါ့နော်။ တောက်လျှောက်တော့စစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

    အရေးယူမှုတွင် စက်သုံးဆီတစ်မျိုးကို ဒဏ်ကြေးငွေ ကျပ် ၅ သိန်းနှုန်းသတ်မှတ်ထားကာ ဆီဆိုင် ၉ ဆိုင်မှ စုစုပေါင်း စက်သုံးဆီ ၁၉ မျိုးမှာ အရည်အသွေးမပြည့်မီသဖြင့် ဒဏ်ကြေးငွေကျပ် ၉၅ သိန်း ကောက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။

    သို့သော် ဇွန်လ ၃ဝ ရက်နေ့နောက်ပိုင်း စစ်ဆေးသည့် ဆိုင်များကိုမူ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရည်အသွေး၊ အချင်အတွယ် မပြည့်လျှင် အများဆုံးထောင်ဒဏ် ၆ လဖြစ်စေ၊ ဒဏ်ကြေးငွေ ကျပ် ၅ သိန်းမှ သိန်း ၅ဝ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားနိုင်သည်ဟု ဦးမောင်မောင်စိုးကပြောသည်။

    “ဒီလိုလာစစ်တာ ကောင်းတာပေါ့ ဆိုင်တွေရဲ့ ဆီအရည်အသွေးနဲ့ အချင်အတွယ် မှန်ကန်တာပေါ့။ အရည်အသွေး အချင်အတွယ် ပိုတိကျတော့ Customer ဖောက်သည်တွေ ပိုပြီးတော့ အဆင်ပြေတာပေါ့။ ကျွန်တော်တို့ အဓိကလုပ်ရတဲ့အပိုင်းက Customer ဖောက်သည်တွေ စိတ်ချမ်းသာဖို့ အဓိကလေ” ဟု မော်လမြိုင်မြို့ရှိ ဆီဆိုင်တာဝန်ခံတစ်ဦးက ဆိုသည်။

    စက်သုံးဆီ အရည်အသွေးကို ရုံးချုပ်မှ စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီး အချင်အတွယ်ပြည့်မီခြင်း ရှိမရှိ ဝယ်ယူသူမှ စစ်ဆေးနိုင်ရန် ဆိုင်တွင်စံခွက်များထားရှိထားကြောင်း၊ မွန်ပြည်နယ်တွင် လိုင်စင်ရ စက်သုံးဆီဆိုင် ၁၅ဝ ခန့်ရှိပြီး လျှောက်ထားဆဲမှာ ၃ဝ ခန့်ရှိကြောင်းသိရသည်။


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks