spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအဂတိလိုက်စားမှုကိုမပြင်ဆင်နိုင်ပါက ပြည်သူများဒဏ်ခတ်မှုကိုခံကြရမည်ဟု မွန်ဝန်ကြီးချုပ်ပြော

    အဂတိလိုက်စားမှုကိုမပြင်ဆင်နိုင်ပါက ပြည်သူများဒဏ်ခတ်မှုကိုခံကြရမည်ဟု မွန်ဝန်ကြီးချုပ်ပြော

    -

    ရူပါဗလွဲ (မော်လမြိုင်-ဇွန် ၂၄)

    ငွေကြေးပေးနိုင်သည့် လုပ်ငန်းရှင်များဘက်ကို နေ့ချင်းညချင်း ပွဲစားဆန်ဆန်ဆောင်ရွက်နေမှုများအား အမြန်ဆုံးသတိဖြင့် ပြင်ဆင်သွားကြရန် မပြင်ဆင်နိုင်ပါက ပြည်သူများ၏ ဒဏ်ခတ်မှုကို ခံကြရမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ” တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မိန့်ခွန်းပြောကြားခဲ့သည်။

    “လုပ်ပိုင်ခွင့်၊ ခွင့်ပြုမိန့်များပေးတဲ့နေရာများမှာ ရိုးသားတဲ့ နွမ်းပါးတဲ့ပြည်သူများအတွက်မူ ရုံးလုပ်ထုံးလုပ်နည်းတွေကို အကြောင်းပြ၊ ကာလအကန့်အသတ်မရှိ အချိန်ကြန့်ကြာအောင် ဆောင်ရွက်နေကြပြီး ငွေကြေးပေးနိုင်တဲ့ လုပ်ငန်းရှင်များအတွက်မူ နေ့ချင်းညချင်း ဆောင်ရွက်နေမှုများ၊ မတော်လောဘဖြင့် ငွေကြေးအများအပြားပေးမှ ထုတ်ပေးရမယ့်ပုံစံများ ထုတ်ပေးခြင်း၊ လိုအပ်သည်များ လုပ်ပေးခြင်းတို့ကို ပွဲစားဆန်ဆန်ဆောင်ရွက်နေသူများလည်း အမြန်ဆုံးသတိနဲ့ ပြင်ဆင်သွားကြဖို့ မပြင်ဆင်နိုင်ပါက ပြည်သူရဲ့ဒဏ်ခတ်မှုကို ခံကြရမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

    မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ “အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာ တာဝန်ယူမှု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ UNDP မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်လွှတ်တော်အဖွဲ့၊ တရားသူကြီးချုပ်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ ၃၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    “အဂတိလိုက်စားမှုကို ကောင်းကောင်းသဘောမပေါက်ဘဲနဲ့ လုပ်နေတဲ့ဟာက အရမ်းဆိုးတယ်၊ အဲဒါကြောင့် ဒီလိုအခမ်းအနားတွေလုပ်မှပဲ အဂတိလိုက်စားမှုအကြောင်းကို သိလာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ စိုးရိမ်တာ အဓိကပြဿနာက အဂတိလိုက်စားနေတာကို ကိုယ်တိုင်မသိဘဲနဲ့ လုပ်နေရင်တော့ အဲဒါအဆိုးဆုံးပဲ” ဟု မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ဆိုသည်။

    အဂတိလိုက်စားမှုကို အရေးယူမှုနှင့်တွဲ၍ လုပ်ဆောင်ရမှာဖြစ်ပြီး ပြည်သူများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုကို အတတ်နိုင်ဆုံးလျှော့ချရမည့်အပြင် အဂတိလိုက်စားမှုကိစ္စရပ်များကိုလည်း သက်ဆိုင်ရာသို့ သီးခြားတိုင်ကြားနိုင်မည်ဆိုပါက အဂတိလိုက်စားမှုကို ထိန်းကြောင်းလာနိုင်မည်ဟု ၎င်းက ဆက်ပြောသည်။

    ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ပူးပေါင်းပြီး အဂတိလိုက်စားမှု တားဆီးရေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာပေးအစီအစဉ်များကို ၂၀၁၈-၁၉ ခုနှစ်အတွင်း ကျင်းပပြုလုပ်ရန် မူတစ်ရပ်ချမှတ်ဆောင်ရွက်လျက်ရှိပြီး မွန်ပြည်နယ်တွင် အလုပ်ရုံဆွေးနွေးပွဲ ၅ ကြိမ်ကျင်းပခဲ့ကြောင်း ဝန်ကြီးချုပ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    သို့ရာတွင် တင်ဒါလုပ်ထုံးလုပ်နည်းများ၊ ငွေရေးကြေးရေးလုပ်ထုံးလုပ်နည်းများနှင့်မညီပဲ လုပ်ကိုင်ခဲ့သည့်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ညိစွန်းမှု ရှိ၊မရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဝန်ကြီးတစ်ဦးတို့အား ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပေးနိုင်ရန်နှင့် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသို့ မွန်ပြည်နယ် လူမှုအဖွဲ့အစည်းအချို့က တိုင်ကြားထားကြောင်း သတင်းရရှိသည်။


    မွန်ပြည်နယ်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks