spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းမွန်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထား

    မွန်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထား

    -

    ရွှေရိုး (မော်လမြိုင်၊ ဇွန် ၁၈)

    မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးတို့အား စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး (ရန်ကုန်ရုံးခွဲ) သို့ ယနေ့ ဇွန်လ ၁၈ ရက်နေ့စွဲဖြင့် မွန်ပြည်နယ် လူမှုအဖွဲ့အစည်းအချို့က တိုင်ကြားထားကြောင်း သိရသည်။

    တင်ဒါလုပ်ထုံးလုပ်နည်းများ၊ ငွေရေးကြေးရေးလုပ်ထုံးလုပ်နည်းများနှင့် မညီပဲ လုပ်ကိုင်ခဲ့သည့်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ညိစွန်းမှု ရှိ၊ မရှိ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပေးနိုင်ရန်နှင့် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ရန် တိုင်ကြားခဲ့သည်ဟု ရေးမြို့နယ်အခြေစိုက် ရေတော်ဝင်သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက ပြောသည်။

    “ပြီးခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး မေးမြန်းခဲ့တဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရရဲ့ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဖြေဆိုခဲ့တာ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့ လွဲမှားနေတယ်လို့ မြင်တယ်။ နောက်ပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့လည်း ငြိစွမ်းနေတယ်လို့ မြင်တဲ့အတွက် တိုင်ကြားတဲ့သဘောပါပဲ” ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

    ၂၀၁၈ ခုနှစ် Mini Budget ဧပြီလမှ စက်တင်ဘာလအထိ (၆) လ ဘဏ္ဍာရေးနှစ်တွင် ရေးမြို့နယ် အောင်သပြေ-နှစ်ကရင်မော်တော်ကားလမ်းခင်းခဲ့ရာ၌ နိုင်ငံတော်ဘတ်ဂျက်ငွေသန်း ၁၀၀၀ ကို တင်ဒါမခေါ်ဘဲ နီးစပ်ရာကုမ္ပဏီတစ်ခုအား လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့သည့်ကိစ္စနှင့် ကျိုက်ထီးရိုး အမှိုက်ဖျက်ဆီးစက် တင်ဒါကိစ္စတွင် လုပ်ထုံးလုပ်နည်းနှင့်လွဲမှားစွာ ဆောင်ရွက်ထားသည်များကို တိုင်ကြားထားကြောင်း ၎င်းက ဆိုသည်။

    “ကျွန်တော်တို့က ဘယ်ပုဂ္ဂိုလ်ကိုမှ ဦးမတည်ပါဘူး။ ကျွန်တော်တို့ တိုင်တာက ဒီမိုကရေစီယန္တရား၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ကာလမှာ ဒီမိုကရေစီစံနှုန်းနဲ့ သွေဖီနေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒီလုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို အစိုးရတစ်ရပ်က ချိုးဖောက်ပြီးတော့မှ ဆောင်ရွက်တာကို မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒီလိုမြင်လို့ ဒီအပေါ်မှာဖြစ်ပျက်နေတာတွေ ဘယ်လိုတွေဖြစ်နေလဲ ဘယ်လိုတွေ မှားယွင်းနေလဲ ဒါတွေကို တိတိကျကျဖြစ်စေချင်တယ်။ အဲဒါကြောင့် ဒီဟာကို လိုအပ်သလို စိစစ်နိုင်ဖို့၊ အရေးယူပေးဖို့ လိုအပ်ရင် အရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ကျွန်တော်တို့ တင်ပြတဲ့သဘောပါပဲ”ဟု ဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။

    အဆိုပါ ကျပ်သန်း ၁၀၀၀ လမ်းစီမံကိန်း တင်ဒါမခေါ်သည့်ကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှုတ်မိန့်ဖြင့်ဆောင်ရွက်ခဲ့သည်ဟု မွန်ပြည်နယ် လွှတ်တော်၌ စကားပြောမှားခဲ့ကြောင်း ဒေါက်တာအေးဇံက နေပြည်တော်၌ ဝန်ခံပြောကြားပြီးနောက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြင်ဆင်ပြောကြားလာသည်ကို တွေ့ရသည်။

    သို့ရာတွင် တင်ဒါမခေါ်သည့်ကိစ္စမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြောင်း၊ ပြဿနာဖြစ်ပေါ်လာပါက လွှတ်တော်တွင် ဝန်ကြီးချုပ်ကိုယ်တိုင် တာဝန်ယူဖြေရှင်းမည်ကို မိမိအားပြောကြားခဲ့ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က သတင်းဌာနများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။


    Photo- အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး (ရန်ကုန်ရုံးခွဲ) လက်ခံဖြတ်ပိုင်း(Copy)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts