spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ဒူးရင်းခြံအချို့ ပိုးမွှားကျရောက်၍ ပျက်စီးဆုံးရှုံးမှုရှိ

    ရေးမြို့နယ် ဒူးရင်းခြံအချို့ ပိုးမွှားကျရောက်၍ ပျက်စီးဆုံးရှုံးမှုရှိ

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ ဇွန် ၁၃)

    မွန်ပြည်နယ် ရေးမြို့နယ်ရှိ ဒူးရင်းသီးတနိုင်တပိုင်စိုက်ပျိုးသည့် ခြံတချို့တွင် ပိုးမွှားကျရောက်မှုကြောင့် ယခုနှစ်တွင် အပင်သေဆုံး၍ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း တွေ့ရသည်။

    အဆိုပါဖြစ်ရပ်ကို နှစ်တိုင်းလိုလို ကြုံတွေ့နေရပြီး ယခင်နှစ်က ပိုးအများဆုံး ကျရောက်သည့် နောက်ဆက်တွဲအနေဖြင့် ယခုနှစ်တွင် အပင်သေဆုံးမှုအများဆုံးဖြစ်ကြောင်း ရေးမြို့နယ် အံဒင်ကျေးရွာမှ ဒူးရင်းခြံရှင် ကိုဇော်ထွဋ်က ဆိုသည်။

    “ခြံတိုင်းလိုလိုပဲ ဒီပိုးတွေဒဏ်ကိုခံရတာ။ ဒူးရင်းပင်စည်တွေကို စားတဲ့ပိုးတွေလေ။ ကျွန်တော်တို့ခြံမှာလဲရှိတယ် တောင်ပေါ်ကခြံမှာ ၈ ပင်လောက်ပိုးထိတယ်။ ကျွန်တော်တို့မတိုင်ခင် ခြံတစ်ခြံဆို တစ်ခြံလုံး အပင်တွေသေကုန်တာ” ဟု ၎င်းက ပြောသည်။

    ဒူးရင်းပင်ထိပ်ဖျားပေါ်မှ ပိုးမွှားများဥချလိုက်ပြီး ထိုမှတစ်ဆင့် ဒူးရင်းပင်စည်အသားကို တစ်ရစ်ပြီးတစ်ရစ်ကိုက်ဖျက်၍ တဖြည်းဖြည်းကြီးထွားလာကြောင်း၊ တောင်သူတွေအနေဖြင့် ပိုးမကျအောင် မည်သို့ကာကွယ်ရမည်ကို မသိရသေးဘဲ အခက်တွေ့နေရသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဆီမှာက အမှန်တိုင်းပြောရရင် ဘယ်လိုကာကွယ်ရမလဲဆိုတာ မသိဘူး။ တကယ်လို့ ပင်စည်အနိမ့်ပိုင်းမှာတွေ့ရင် ပင်စည်ထဲကနှိုက်ထုတ်ရုံလောက်ပဲ တတ်နိုင်တယ်။ ပိုးသတ်ဆေးတွေဘာတွေလည်း မသုံးဘူး။ တချို့ကတော့ ပိုးသတ်ဆေးတွေဘာတွေ သုံးကြည့်ပါလား ပြောကြတယ်။ ဒါပေမယ့် အန္တရာယ် ဖြစ်မှာစိုးလို့ မသုံးချင်ဘူး။ စားသုံးသူတွေအတွက် အန္တရာယ်ကင်းစေမယ့် နည်းလမ်းကို သိချင်တာ” ဟု အံဒင်ကျေးရွာခံ ကိုအချိန်က ပြောသည်။

    သို့ရာတွင် ဒူးရင်းပင်ပေါ်ကျရောက်သည့် ပင်စည်ထိုးပိုးသည် အပင်ကိုမသေစေနိုင်ဘဲ ပိုးကိုက်ထားသည့်ဒဏ်ရာကြောင့် အမြစ်ပုတ် ပင်စည်ပုတ်ရောဂါဝင်ပြီး အပင်သေဆုံးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စိုးက ဆိုသည်။

    “ပိုးမွှားကိစ္စကတော့ သူစကျပြီဆိုကတည်းက လက်သည်းခြစ်ရာလိုမျိုးလေးတွေ့ပြီဆိုတာနဲ့ အဲဒီနေရာကို ထိုးပြီးခွာလိုက်ရင် ဥလေးရှိတယ်။ ဥလေးကို ဖယ်ရှားလိုက်ရင် ပင်စည်ထိုးပိုး မကျတော့ဘူး။ ပင်စည်ထိုးပိုးကျသွားပြီဆိုရင်လည်း အခေါက်ကိုခွာပြီး ဖယ်ရှားပစ်လိုက်လို့ရတယ်။ ပင်စည်ထိုးပိုးကတော့ ပိုးသတ်ဆေးနဲ့ နှိမ်နင်းမယ့်အစား လူနဲ့ကာကွယ်နှိမ်နင်းရင် ပိုကောင်းတာပေါ့။ သူနဲ့ ဆက်စပ်ပြီး ဖြစ်လာနိုင်တဲ့ အခေါက်ပုတ် အမြစ်ပုတ်ရောဂါက ပိုပြီးတော့ စိုးရိမ်ရတယ်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။

    ၎င်းက အမြစ်ပုတ် ပင်စည်ပုတ်ရောဂါသည် Phytophltora Palmivora ဟုခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်ပြီး အရွက်ပေါ်ကို အရင်ကျပြီး အရွက်မှတစ်ဆင့် ပင်စည်ကို မကူးစက်နိုင်ရန် ပင်စည်တွင် မှိုသတ်ဆေးနှင့် Metalaxyl တို့ကိုသုတ်လိမ်းခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း၊ ပင်စည်သို့ ကျရောက်သွားလျှင်လည်း ပိုးထိသောအပိုင်းကို ခွာထုတ်ပြီး ဆေးများသုတ်လိမ်းပါက အမြစ်သို့ရောဂါပိုး ဝင်ရောက်မှုကို ကာကွယ်နိုင်ကြောင်း၊ ထို့ပြင် တောင်သူများအနေဖြင့် ငွေကြေးလုံးဝပေးစရာမလိုဘဲ စိုက်ပျိုးရေးဦးစီးဌာန Call Center ဖုန်းနံပါတ် ၀၉ ၉၅၅၀၄၀၁၁၁ သို့ခေါ်ဆိုပြီး အကူအညီတောင်းဆိုနိုင်ကြောင်း ဦးကြည်စိုးက ဆက်ပြောသည်။

    ၂ဝ၁၇ – ၂ဝ၁၈ ခုနှစ် စာရင်းများအရ မွန်ပြည်နယ်တွင် ဒူးရင်းစိုက်ဧကပေါင်း ၈ဝဝဝ ခန့်ရှိပြီး ရေးမြို့နယ် ၂၄၃၄ ဧက၊ ကျိုက်ထို ၁၅၂ ဧက၊ ဘီးလင်း ၇၇၉ ဧက၊ သထုံ ၁၉၈၉ ဧက၊ ပေါင် ၉၇၇ ဧက၊ မော်လမြိုင် ၃၄၆ ဧက၊ ချောင်းဆုံ ၄၉၉ ဧက၊ ကျိုက်မရော ၄၂ ဧက၊ မုဒုံ ၃၈၂ ဧကနှင့် သံဖြူဇရပ်တွင် ၃၉၀ ဧကရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။


    Photo- ပိုးမွှားဒဏ်ခံရသည့် ဒူးရင်းပင်စည်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks