Sunday, March 15, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့ လေလံမဲပြဿနာရုန်းရင်းဆန်ခတ်မှုတွင် ထောင်ဒဏ်တစ်သက်ချမှတ်နိုင်သော ဓါးပြမှုဖြင့် လူ ၉ ဦးကို ဖမ်းဆီးအမှုဖွင့်ထား

    လမိုင်းမြို့ လေလံမဲပြဿနာရုန်းရင်းဆန်ခတ်မှုတွင် ထောင်ဒဏ်တစ်သက်ချမှတ်နိုင်သော ဓါးပြမှုဖြင့် လူ ၉ ဦးကို ဖမ်းဆီးအမှုဖွင့်ထား

    -

    မွန်သတင်းအေဂျင်စီ(ဇွန်လ ၁၂)

    မွန်ပြည်နယ်၊ လမိုင်းမြို့၌ လေလံမဲစုငွေပြန်မထုတ်ပေးသည့်အပေါ် ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုယူဆရသူ ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အမြင့်ဆုံး ထောင်ဒဏ်တစ်သက်ချမှတ်နိုင်သော ဓါးပြမှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

    ထို့အတူ သံသယရှိသောဒေသခံရွာသားအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း မွန်ပြည်နယ် အမှတ်(၇) မဲဆန္ဒနယ်မြေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(ရေးမြို့နယ်မြောက်ပိုင်းဒေသ) နိုင်သီဟက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်သီဟက “လောလောဆယ် ရဲက လူ ၉ ယောက်ဖမ်းထားပြီးတော့ ပုဒ်မ ၃၉၅ ဓါးပြမှုနဲ့အမှုဖွင့်ထားတာပေါ့၊ ဘယ်လိုကြောင့် ဓါးပြမှုဖြစ်သွားရတာလဲ ကျနော်တို့သွားမေးတဲ့အခါကျတော့ လူ ၅ ယောက်ကျော်လို့ရှိရင် ဓါးပြမှုထည့်လို့ရတယ်ဆိုပြီးတော့ စခန်းမှူးကပြောတယ်၊ နောက်ထပ်ဖမ်းဖို့ရှိသေးလား ကျနော်ကမေးတော့ လောလောဆယ်တော့ သူတို့မသိသေးဘူးလို့ အဲလိုမျိုးပြောတယ်၊ ရွာထဲမှာ အချို့ယောကျ်ားလေးတွေ မနေရဲကြဘူး အဲဒီလိုဖြစ်နေတယ်” ဟု ဆိုသည်။

    မေလ ၂၂ ရက်နေ့က လမိုင်းမြို့ပေါ်၌ ဖြစ်ပွားခဲ့သော လူစုလူဝေးများရုန်းရင်းဆန်ခတ်မှုအတွင်း မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့်လာရောက်ထိန်းသိမ်းခဲ့ရပြီး မင်းမဲ့ဆန်ဆန် အကြမ်းဖက်မှုများပြုလုပ်လာပါက မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပစ်မိန့်ကိုလည်း ပေးခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

    မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက “ရုန်းရင်းဆန်ခတ်လုပ်လို့မရဘူး၊ မင်းမဲ့ဆန်ဆန် စရိုက်မျိုးတွေ လုပ်လို့မရဘူး၊ သူတို့ ဟိုဘက်ကြေနပ်တာ မကြေနပ်တာ ဟိုဘက်အပိုင်းပဲ၊ လုပ်လာခဲ့မယ်ဆိုရင် မည်သူ့ကိုမဆို ဥပဒေစည်းကမ်းနဲ့အညီ အဆင့်လိုက်အဆင့်လိုက် ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်” ဟု ဇွန်လ ၄ ရက်နေ့က ကျင်းပသော မွန်ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အဆိုပါ Online လေလံမဲပြဿနာတွင် ငွေစုဒိုင်နှင့် စုငွေထည့်ဝင်သူများအကြား ဖြစ်ပေါ်ခဲ့သောအမှုအခင်းများအရ သီးခြားစီရှင်းလင်းသွားရမည့်သဘောရှိကြောင်း အငြိမ်းစား မွန်ပြည်နယ် ဥပဒေချုပ် နိုင်ဝင်းကြည်က ဆိုသည်။

    နိုင်ဝင်းကြည်က “ဥပဒေကတစ်ခုချင်းစီပေါ့၊ ဟိုဘက်ကကျူးလွန် ဟိုဘက်ကအရေးယူ ဒီဘက်ကကျူးလွန် ဒီဘက်ကအရေးယူ ဆိုတဲ့ ဥပဒေသဘောကတော့ ရှိပြီးသားပေါ့နော်၊ အဲဒါကြောင့်မို့ သူ့အမှားနဲ့ ကိုယ့်အလွန် နဂိုလ်ကတော့ သူ့အမှားပဲ၊ သူ့အမှားကို ကိုယ်သည်းမခံနိုင်တော့ နောက်ဆုံး ကိုယ့်အမှားဖြစ်သွားတာပေါ့လေ၊ အမှုတိုင်တဲ့လူရှိရင် ရဲကတော့သူလုပ်ရမှာပဲ၊ အကြောင်းအရာတိုက်ဆိုင်လို့သာ ဒီပုဒ်မတပ်တာ၊ လုပ်တဲ့လူတွေ သတိလွတ်ပြီးတော့ ဒေါသအလျှောက်လုပ်တာ ခက်တော့ခက်သားပဲလေ၊ အဲဒီအချိန်မှာ လူအများနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မထိန်းနိုင်ကြဘူး” ဟု ဆိုသည်။

    ရာဇသတ်ကြီးပုဒ်မ ၃၉၅ တွင် ငါးဦးဖြစ်စေ၊ ငါးဦးထက်ပိုသူတို့ကဖြစ်စေ၊ လုယက်မှုကို ပူးပေါင်းကျူးလွန်လျှင်၊ အားထုတ်လျှင်၊ ကိုယ်တိုင်ရှိ၍ ကူညီလျှင် ထိုသူအသီးသီးသည် ဓားပြမှုကို ကျူးလွန်သည်ဟု သတ်မှတ်ပြီး ပြစ်မှု ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ထောင်ဒဏ် ၁၀ နှစ်၊ ငွေဒဏ်များ ချမှတ်နိုင်သည်ဟု သိရသည်။

    ထို့ပြင် အဆိုပါ Online လေလံမဲကိစ္စတွင် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၄ သိန်းခန့် စာရင်းတွေ့ရှိရကြောင်း၊ လက်ရှိတွင် နေပြည်တော် ဒက္ခိဏသီရိ ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ဒိုင်ချုပ် ဒေါ်ပိုးအိမေကို ဆိုသူကိုလည်း ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟက ပြောသည်။


    Photo-ရုန်းရင်းဆန်ခတ်မှုအတွင်း ဖျက်ဆီးခံရသည့်အိမ်တစ်နေရာ
    (Tin Myo Aung Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks