Home သတင်း တောင်တက်ယာဉ်လိုင်းများ မွန်ပြည်နယ်ယထကတွင် မှတ်ပုံတင်ရန်သဘောတူ

တောင်တက်ယာဉ်လိုင်းများ မွန်ပြည်နယ်ယထကတွင် မှတ်ပုံတင်ရန်သဘောတူ

ရွှေရိုး(မော်လမြိုင်၊ ဇွန် ၁၁)

မွန်ပြည်နယ်အတွင်းရှိ တောင်တက်မော်တော်ယာဉ်လိုင်းများကို ပြည်နယ်ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယထက) အောက်သို့ ဥပဒေအတိုင်း စနစ်တကျ မှတ်ပုံတင်ရန် တောင်တက်မော်တော်ယာဉ်လိုင်းအဖွဲ့များနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ဥပဒေအတိုင်းဆောင်ရွက်ဖို့တော့ အားလုံးသဘောတူညီကြတယ်။ ဒါပေမယ့် အခုအချိန်က မိုးတွင်းကာလဖြစ်တော့ ခရီးသွားတွေက နည်းတော့ သူတို့အတွက် ဝင်ငွေနည်းနေတဲ့အတွက် ခဏလောက် ဆိုင်းငံ့ထားစေချင်တယ်၊ ခဏလောက်တော့ ကင်းလွတ်ခွင့်ပေးစေချင်တယ်ဆိုတာတော့ တောင်းဆိုတာရှိတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးအနှံ့အပြားမှ ဘုရားဖူးများလာရောက်နေကြသည့်အတွက် ဥပဒေပါအတိုင်း မော်တော်ယာဉ်လိုင်းများ မှတ်ပုံတင်ခြင်း၊ အာမခံ ထားရှိခြင်း၊ အခွန်ဆောင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်ခိုင်ခိုင်လဲ့က “ကျောက်ပိဘုရားဆိုရင် ယခင့်ယခင်က အဲလိုမျိုးမရှိဘူး။ အခုနောက်ပိုင်းဆိုရင် ဘုရာဖူးလာတဲ့သူတွေက မွန်ပြည်နယ်ထဲသာမက မြန်မာတစ်နိုင်ငံအနှံ့အပြားက လာကြတယ်။ လာတဲ့အခါကျတော့ ပြီးခဲ့နှစ်ကဆိုရင် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်တယ်။ အဲဒီအပေါ်မှာ အရေးယူဆောင်ရွက်ရတဲ့အပိုင်းတွေ ရှိတယ်”ဟု ဆက်ပြောသည်။

လက်ရှိတွင် ဇင်းကျိုက်ခြင်္သေ့ရာဇာယာဉ်လိုင်း ၂၅ စီး၊ ဘီးလင်းကျောက်ပိဘုရားတောင်တက်ယာဉ်လိုင်းမှ ကားကြီး ၃၇ စီး၊ ကားသေးအစီး ၆၀ ကျော်၊ ဘီးလင်းကေလာသတောင်တက်မော်တော်ယာဉ်လိုင်းမှ ၈ စီးဖြင့် ဖွဲ့စည်းထားကြောင်း ဇင်းကျိုက်တောင်တက်ယာဉ်လိုင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

“အရင်က ကျိုက်ထီးရိုးတောင်တက်ကားတွေက အသင်းဝင်ထားတယ်။ နွာလပို့က တောင်တက်ကားတွေ အသင်းဝင်ထားတယ်။ ကျွန်တော်တို့ကတော့ တောင်တက်ကားလိုင်းအသစ်တွေဖြစ်နေတယ်။ အသစ်ဖြစ်နေတော့ အခုမှ ဝင်မယ်။ အခုမှအသစ်ဝင်တဲ့ကားတွေက စည်းကမ်းချက်တွေကို ခေါ်ပြီး ရှင်းပြတယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မွန်ပြည်နယ် ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယထက)၊ သက်ဆိုင်ရာမြို့နယ် ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မှတ်ပုံမတင်ထားရသေးသည့် တောင်တက်မော်တော်ယာဉ်လိုင်းအဖွဲ့များက ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်လွှတ်တော်၌ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။


Photo-ကျိုက်ထီးရိုးတောင်တက်ကား(Facebook)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.