spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းဘီးလင်းမြစ်ရေတွင် သတ်မှတ်ပမာဏထက် အာဆင်းနစ် ၅ ဆ ကျော်လွန်နေ

    ဘီးလင်းမြစ်ရေတွင် သတ်မှတ်ပမာဏထက် အာဆင်းနစ် ၅ ဆ ကျော်လွန်နေ

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ မေ – ၂၅)

    မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေတွင် အာဆင်းနစ်အဆိပ်ပါဝင်မှု သတ်မှတ်ပမာဏထက် ၅ ဆ ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနထံမှ သိရသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ တိုင်းတာမှု ရလာဒ်အရ ယင်းကဲ့သို့ သတ်မှတ်ချက်ထက် ပမာဏထက် အာဆင်းနစ်ဓာတ် ကျော်လွန်နေသဖြင့် ဘီးလင်းမြစ်ရေကို ကြာရှည်သုံးစွဲပါက အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါများ ဖြစ်ပွားနိုင်သည်ဟု ဆိုသည်။

    ၎င်းအပြင် PH Level မှာ အချဉ်ဓာတ်များနေသဖြင့် သောက်သုံးမိပါက ဝမ်းရောဂါများဖြစ်ပွားနိုင်ကြောင်း၊ အနည်အနှစ်ပါဝင်မှု သတ်မှတ်ချက်ထက် လွန်စွာကျော်လွန်နေသဖြင့် သောက်သုံးရေအတွက် အသုံးပြုရန် အန္တရာယ်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ မွန်ပြည်နယ်အစိုးရထံ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

    “ကျွန်တော်တို့ သုံးသပ်တာကတော့ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေကြောင့် ဖြစ်ဖို့ရာခိုင်နှုန်းများတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အနေနှင့်ကလည်း သက်ဆိုင်ရာ မြို့နယ်ထွေအုပ်တို့ စိုက်ပျိုးရေးတို့နဲ့ပေါင်းပြီး လယ်သမားတွေကို အသိပညာပေးအစီအစဉ် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒါမှသာလျှင် လယ်သမားတွေက ပိုးသတ်ဆေးကို ဘယ်လိုသုံးစွဲရမလဲ ဘယ်လိုညစ်ညမ်းမှုဖြစ်နိုင်တယ်ဆိုတာ သိရှိမှသာလျှင် ချောင်းရေညစ်ညမ်းမှုကို ရေရှည်မှာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းထွန်းကပြောသည်။

    သို့ရာတွင် ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ၂ဝ၁၇ ခုနှစ်ကတည်းက ဘီးလင်းမြစ်ရေကို စစ်ဆေးတိုင်းခဲ့ရာတွင် အန္တရာယ်ရှိသည့်အတွက် ဖြေရှင်းပေးရန် ပြည်နယ်အစိုးရကို တိုက်တွန်းခဲ့ပြီး ဒုတိယသမ္မတ ခရီးစဉ်တွင်လည်း တင်ပြခဲ့သည်ဟုဆိုသည်။

    “အရောင်ပြောင်းတဲ့ကိစ္စက ထင်ရှားတယ်လေ အနည်အနှစ်တွေ ဖြစ်နေတာ လက်ဖက်ရည်ရောင်ပေါက်နေတာ ဒါတွေက ပိုးသတ်ဆေးကြောင့်မှ မဟုတ်တာ ဒီအခြေအနေက ရွှေတူးတဲ့ နောက်ဆက်တွဲကြောင့်ဆိုတာ ထင်ရှားတာပဲ။ သေချာသုတေသနလုပ်ပြီးတော့ သိပ္ပံနည်းကျတဲ့ အဖြေတွေကို ထုတ်ပေးသင့်တယ် ဒီလိုတိုက်တွန်းချင်တယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို” ဟု ၎င်းကဆက်ပြောသည်။

    ၂ဝဝ၇ ခုနှစ်ကတည်းက ဘီးလင်းမြစ်အထက်ပိုင်းတွင် ရွှေတူးသည့်လုပ်ငန်းများ စတင်ခဲ့ပြီး ယင်းအကျိုးဆက်ကြောင့် မြစ်ရေအနည်ထိုင်၍ ဗွက်ရောင်ပေါက်ကာ ငါးပုစွန်များမပေါက်ဖွားတော့ကြောင်း၊ ဒေသခံများကလည်း မြစ်ရေကို သောက်သုံးခြင်းမရှိတော့ကြောင်း ဒေါက်တာခင်နိုင်ဦးကဆိုသည်။

    ဘီးလင်းမြစ်တစ်လျှောက်တွင် ကျေးရွာပေါင်း ၃ဝ ကျော်ရှိပြီး မိုးရာသီတွင် မြစ်ရေလျှံမှု နှစ်စဉ်ဖြစ်ပွားပြီး ရေတွင်းရေကန်များသို့ စီးဝင်သွားကြောင်း၊ ဘီးလင်းမြို့တွင် နွေရာသီ ရေရှားသည့်ဒဏ်ကိုလည်း နှစ်စဉ်ခံစားနေရသည်ဟု သိရသည်။

    ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဘီးလင်းမြစ်ရေကို နောက်သုံးလကြာခန့်တွင် ထပ်မံတိုင်းတာကာ ရလဒ်အတက်အကျကိုကြည့်၍ ဖြစ်စဉ်ကို သုံးသပ်နိုင်မည်ဟု သိရသည်။


    Photo- ဘီးလင်းမြစ်တစ်နေရာ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts