ရွှေရိုး (လမိုင်း၊ မေ ၂၃)
ရေးမြို့နယ်၊ လမိုင်းမြို့ပေါ်တွင် တရားမဝင် အွန်လိုင်းငွေစုငွေချေးမဲလေလံလုပ်ငန်း မသမာမှုကို အကြောင်းပြု၍ ရုန်းရင်းဆန်ခတ်ဖန်တီးပြီး လုယက်မှုဆက်လက်မဖြစ်ပေါ်စေရန် ယနေ့တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကြပ်ထားကြောင်း တွေ့ရှိရသည်။
ယမန်နေ့တွင် သက်ဆိုင်ရာမှလုံခြုံရေးမပေးနိုင်ခဲ့သဖြင့် ရာနှင့်ချီအင်အားရှိသည့်လူစုက ငွေစုဒိုင်နှင့် ပတ်သက်သူဆွေမျိုးနေအိမ်အချို့တို့ကို ဝင်ရောက်ဖျက်ဆီးပြီး ရွှေငွေပစ္စည်းများ လုယက်ခဲ့သည့်ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် ရဲတပ်ဖွဲ့အပြင် မြို့ခံ၊ လူငယ်၊ အရန်မီးသတ်တပ်ဖွဲ့တို့ဖြင့် လုံခြုံရေးတင်းကြပ်ထားခြင်း ဖြစ်သည်။
“အခြေအနေတွေကို ထိန်းသိမ်းနိုင်စေဖို့ ရဲတပ်ဖွဲ့အင်အား ၁၀၀ လုံခြုံရေးပေးထားပြီး ဆောင်ရွက်နေလျက်ရှိပါတယ်” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး(ဦးစီး) ရဲမှူးမြင့်ဝင်းက ပြောသည်။
ထို့အတူ မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး စသည့် တာဝန်ရှိသူများ၊ လမိုင်းမြို့ခံမြို့မိမြို့ဖများနှင့် မကြေနပ်သည့်အင်အားစုများတို့ ယမန်နေ့ ည ၇ နာရီအချိန်မှ ၁၁ နာရီခွဲအချိန်အထိ လမိုင်းမြို့အုပ်ချုပ်ရေးမှူးရုံး၌ ညှိနှိုင်းဖြေရှင်းမှုများပြုလုပ်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် လူစုလူဝေးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ညပိုင်းတွင် ငွေစုဒိုင်နေအိမ်နှင့် ပတ်သက်သူဆွေမျိုးနေအိမ်အချို့ (၈) လုံးခန့် ဖျက်ဆီးဖောက်ခံခဲ့ရကြောင်း၊ ထို့ကြောင့် ငွေစုဒိုင်အိမ်နှင့် ပတ်သက်သည့် ဆွေမျိုးအိမ်ဝင်းများကို လုံခြုံရေးကြိုးများစည်းတားထားပြီး အဆိုပါအိမ်ခြံအတွင်း ဝင်ရောက်တွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ဒေသအာဏာပိုင်တစ်ဦးက ယနေ့ညနေပိုင်းတွင် အသံချဲ့စက်ဖြင့် မြို့ပေါ်အနှံ့ကြေညာထားသည်။
“ကျနော်တို့မြို့ကို ကျနော်တို့ထိန်းသိမ်းမှသာလျှင် လုံခြုံမှုကို စိတ်ချရမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ရပ်ကွက်အတွင်းမှာရှိတဲ့ မိဘပြည်သူတွေကလည်း မိမိတို့မြို့ မိမိတို့ရပ်ကွက် မိမိတို့လမ်း မိမိတို့အိမ် လုံလုံခြုံခြုံ အေးအေးချမ်းချမ်း နေနိုင်ရန်အတွက် ဒီလိုမျိုးနောက်ထပ်ဖျက်ဆီးသူများ ရောက်လာပါက ကျနော်တို့ အရန်မီးသတ်၊ ဂေါပက ၊ ဝိသုကမ္မအဖွဲ့ကို အမြန်ဆုံးအကြောင်းကြားပါ၊ ကျနော်တို့တားမြစ်ထားတဲ့ လုံခြုံရေးကို ဖောက်ဖျက်ပါက ခွင့်လွှတ်မှာမဟုတ်ပါဘူး၊ ဒါကြောင့် မင်းမဲ့စရိုက် ကျင့်သုံးနေခြင်းကို ယခုအချိန်မှစ၍ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့ အသိပေးတားမြစ်အပ်ပါတယ်” ဟု အာဏာပိုင်တစ်ဦးက ကြေညာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယင်းကဲ့သို့ လုံခြုံရေးတင်းကြပ်ထားသည်ဆိုသော်လည်း လူစုများ ဆက်လက်စုရုံးနေသည့်အတွက် လုံခြုံစိတ်ချရသည့်အနေအထားမဟုတ်သေးကြောင်း ရွာသားတစ်ဦးက ယူဆသည်။
၎င်းက “မနေ့ကလိုမျိုး မဖြစ်အောင်တော့ လုံခြုံရေး ပေးထားတယ်။ ဒိုင်အိမ်တစ်အိမ်ရှိတယ်။ အဲဒီအိမ်ကို လုံခြုံရေးပေးထားရတယ်၊ မနေ့ကဆို လုကြတယ်၊ အဲဒီအထဲမှ စုငွေမထည့်ထားတဲ့ လူတွေကလည်း ပါဝင်ဖျက်ဆီးလုယူနေတာ တွေ့ရတယ်” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်တွင် အဓိကပြဿနာတက်စေခဲ့သော ငွေစုဒိုင်လင်မယား ၂ ဦးကို လမိုင်းရဲစခန်းတွင် ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များထံမှ သိရသည်။
အဆိုပါ တရားမဝင် အွန်လိုင်းငွေစုငွေချေးမဲလေလံလုပ်ငန်း၌ စုငွေရှယ်ယာဝင်သူတစ်ဦးသည် အနည်းဆုံး ငွေ ၅ သိန်းကျပ်မှ အများဆုံးကျပ်သိန်း ၁၀၀၀ အထိထည့်ဝင်ထားသည်ဟု စုံစမ်းသိရှိရပြီး လက်ရှိဖြစ်ပေါ်ခဲ့သော မသမာမှုဖြစ်စဉ်တွင် ပေးလျှော်ရမည့်ငွေတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သိန်းအထက်ရှိကြောင်း ခန့်မှန်းကြသည်။
![](https://i0.wp.com/burmese.monnews.org/wp-content/uploads/2019/05/23-1-2.jpg?resize=696%2C391&ssl=1)