spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက်လမ်း ဆက်လက်အကောင်အထည်ဖော်ရန် ဘတ်ဂျက်တင်ပြထားဆဲဟု ဝန်ကြီးဆို

    အောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက်လမ်း ဆက်လက်အကောင်အထည်ဖော်ရန် ဘတ်ဂျက်တင်ပြထားဆဲဟု ဝန်ကြီးဆို

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၁၆)

    မွန်ပြည်နယ်အစိုးရ တင်ဒါမခေါ်ဖြစ်ခဲ့သော ရေးမြို့နယ်၊ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်နှင့်ကတ္တရာလမ်း ဆက်လက်အကောင်အထည်ဖော်ရန်အတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေကျပ်သန်း (၇၅၇) ကို တင်ပြထားဆဲဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဘတ်ဂျက်ကို အတည်မပြုရသေးဘူး၊ ဘတ်ဂျက် ထပ်မချပေးသေးဘူး။ အခုမှ တင်ပြထားတာပဲ ရှိသေးတယ်”ဟု ဦးမင်းကျော်လွင်က ဆိုသည်။

    အဆိုပါတင်ပြထားသော ဘတ်ဂျက်အတည်ပြုပါက လုပ်ထုံးလုပ်နည်းအတိုင်း တင်ဒါခေါ်သွားမည်ဟု ဦးမင်းကျော်လွင်ထံမှသိရပြီး ကျပ်ငွေသန်း(၇၁၀)ကို ကွန်ကရစ်လမ်းခင်းခြင်း ၊ ကျန် (၄၇)သန်းကို ကတ္တရာလမ်းခင်းခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရန်နှင့် ယင်းကျေးရွာချင်းဆက်လမ်းကို လမ်းအဆင့်အတန်း (A) ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။

    သို့ရာတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့်ဘတ်ဂျက်ကို အခြေခံ၍ ပြည်နယ်ငွေအရသုံးဆိုင်ရာဘတ်ဂျက် ဥပဒေကြမ်းကို ပြန်လည်တင်ပြရမည်ဖြစ်ပြီး ဘတ်ဂျက်ကာလမစတင်မီတွင် အတည်ပြုနိုင်မည်ဟု ယူဆရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး ဆိုသည်။

    “ကျွန်တော်ထင်တာ ဒီအောက်တိုဘာလမှာ ဘတ်ဂျက်ကာလစတယ်ဆိုတော့ စက်တင်ဘာလလောက်မှာ အတည်ပြုပြီးမယ်ထင်တယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဘတ်ဂျက်ငွေ ကျပ်သန်း (၁၀၀၀) ဖြင့် လမ်းပိုင်း ၄ မိုင် ၃ ဖာလုံကို မြေသားတာဘောင်ချဲ့ခြင်းနှင့် ၁ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်းခင်းခြင်းတို့အား ဆောင်ရွက်ခဲ့ပြီးကြောင်း သိရှိရသည်။

    အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် နှစ်ကရင်ကျေးရွာအုပ်စု သပြေရွာသစ်ပင်လယ်ကမ်းခြေရှိ Southern Myanmar Development Co,Ltd (SMD) ဆောင်ရွက်လျက်ရှိသော မွန်ပြည်နယ်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသို့ မော်လမြိုင်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်ရန် အဓိကလမ်းကြောင်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။


    Photo- အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks