spot_img
Thursday, May 2, 2024
More
    spot_img
    Homeငြိမ်းချမ်းရေး“ဘုံအကျိုးစီးပွား ဘုံသဘောတူညီချက်” အပေါ် အခိုင်အမာရပ်တည်ကြိုးပမ်းသွားဖို့လိုအပ်ကြောင်း NCA-S EAO သဘောပတိ ခိုင်စိုးနိုင်အောင် တိုက်တွန်း

    “ဘုံအကျိုးစီးပွား ဘုံသဘောတူညီချက်” အပေါ် အခိုင်အမာရပ်တည်ကြိုးပမ်းသွားဖို့လိုအပ်ကြောင်း NCA-S EAO သဘောပတိ ခိုင်စိုးနိုင်အောင် တိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (မေ ၁၆)

    နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းရှည်ကြာခဲ့သည်ကို သင်ခန်းစာအဖြစ်ထားပြီး “ဘုံအကျိုးစီးပွား၊ ဘုံသဘောတူညီချက်” တွေအပေါ် အခိုင်အမာရပ်တည် ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့ဆက်လက်ကျင်းပလျက်ရှိသော NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံ တတိယမြောက်နေ့တွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

    “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ “ဘုံအကျိုးစီးပွား၊ ဘုံသဘောတူညီချက်”တွေ ဖြစ်ပါတယ်၊ ဒါကြောင့် အဲဒါတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာတွေကို တွဲလုပ်ကြဖို့လိုပါတယ်၊ “မတူတာကို ခွဲလုပ်” ဆိုတာကတော့ တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားဖြစ်ပါတယ်၊ အဲဒါကိုတော့ ခွဲလုပ်ကြရမှာ ဖြစ်ပါတယ်” ဟု ခိုင်စိုးနိုင်အောင်က ဆိုသည်။

    မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များအနေဖြင့် သမိုင်းအရသော်လည်းကောင်း၊ လက်ရှိအခြေအနေ၏ ဖြစ်ပေါ်မှုဖြစ်စဉ်အရသော်လည်းကောင်း အခြေအနေတူညီမှုမရှိသည်ကို အားလုံးအသိပင်ဖြစ်သည့်အတွက် တွဲပြီးလုပ်ကြသည့်အခါ “ဖြစ်ချင်တာ၊ ဖြစ်နိုင်တာ၊ ဖြစ်သင့်တာ” ကို ခွဲခြမ်းစိတ်ဖြာပြီး ဖြစ်နိုင်တာကို ဦးစားပေးလုပ်ဆောင်ခြင်းက ပို၍လက်တွေ့ကျသည်ဟု ၎င်းက ပြောသည်။

    ခိုင်စိုးနိုင်အောင်က “NCA ကို လက်မှတ်ရေးထိုးတာ ၄ နှစ်နီးပါးရှိပြီဖြစ်ပါတယ်၊ ကျနော်တို့ EAO တွေလိုချင်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးပုံစံတစ်ခုကို မဖော်ထုတ်နိုင်သေးတာဟာ ကျနော်တို့ရဲ့ အားနည်းချက်တစ်ခု ဖြစ်နေတယ်လို့ ပြောချင်ပါတယ်၊ အဲဒါကြောင့် ကျနော်တို့လိုချင်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ပုံစံတစ်ခုကို ကျနော်တို့အားလုံး အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့ ဒီထိပ်သီးအစည်းအဝေးက ဆုံးဖြတ်ချက်ချသင့်တယ်လို့ ပြောကြားလိုပါတယ်” ဟု ဆက်ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်ကြောင့် အားလုံးနိုင်ငံရေးဆွေးနွေးခွင့် ရရှိနေခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံရေးဆွေးနွေးခွင့်များ ရပ်တန့်မသွားစေရန် သတိထားကြရန်နှင့် မိမိတို့ EAO များ၏ ညီညွတ်ရေးကိုလည်း တည်ဆောက်ကြရန် ၎င်းက တိုက်တွန်းရင်း နိဂုံးချုပ်ခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် လက်ရှိကျင်းပနေသည့်ထိပ်သီးအစည်းအဝေး၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လက်ရှိ NCA စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်လိုသည့် အဖွဲ့အစည်းများနှင့် NCA ပြင်ဆင်ဖြည့်စွက်ပြီးမှ အစိုးရ၊ တပ်မတော်နှင့် ကတိကဝတ်ပြုပြီး တစ်ဆင့်ချင်းရှေ့ဆက်လိုသည့် အဖွဲ့များရှိနေသည့်အတွက် လက်ရှိထိပ်သီးအစည်းအဝေးတွင် သဘောထားကွဲလွဲမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

    အလားတူ ယမန်နေ့ ကျင်းပသည့် ထိပ်သီးအစည်းအဝေး ဒုတိယနေ့ သဘာပတိအဖြစ်ဆောင်ရွက်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ဆို့မှုအပေါ် အဖွဲ့အစည်းတခု၊ နှစ်ခုကသာ ထွက်ပေါက်ရှာနေသည်ဟု မမြင်ကြရန် မိန့်ခွန်း ပြောကြားခဲ့သည်။

    “ဒီလိုနည်းလမ်းရှာတာဟာ အဖွဲ့အစည်းတခု၊ နှစ်ခုကပဲ ထွက်ပေါက်ရှာတာလို့ မမြင်ကြဖို့ လိုပါတယ်။ တစ်ဆို့မှု တချို့ဟာ အဖွဲ့အစည်း တချို့အတွက် ပမာဏအရ ကြီးမားပြီး တချို့အဖွဲ့တွေ အတွက် သိပ်ပြီး မပြောပလောက်တဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ဒါကလည်း ကျနော်တို့ အဖွဲ့အစည်းတွေရဲ့ တဖွဲ့ချင်း ပကတိ အနေအထားတွေအပေါ်မှာ အများကြီး မူတည်နေတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လက် လျှောက်လှမ်းနိုင်ဖို့၊ ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ဆိုရင် ကျနော်တို့အားလုံး စုစည်းဖို့လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက ဆိုသည်။

    လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများကို ကျော်လွှားနိုင်မည့်နည်းလမ်းများ ရှာဖွေရေးနှင့် NCA စာချုပ် လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေး အဓိကဦးတည်ချက် ၂ ရပ်ဖြင့် စတုတ္တအကြိမ်မြောက် NCA-S EAO ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလ ၁၈ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။


    Photo- NCA-S EAO ထိပ်သီးညီလာခံ တတိယမြောက်နေ့
    သဘာပတိ ခိုင်စိုးနိုင်အောင် (NCA-S EAO)



    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts