spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် သောက်သုံးရေဖူလုံရေး ယခုနှစ်တွင် ငွေကျပ် သိန်း ၁၁,ဝဝဝ ခန့် အသုံးပြုခဲ့ဟုဆို

    မွန်ပြည်နယ် သောက်သုံးရေဖူလုံရေး ယခုနှစ်တွင် ငွေကျပ် သိန်း ၁၁,ဝဝဝ ခန့် အသုံးပြုခဲ့ဟုဆို

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ မေ-၁၄)

    မွန်ပြည်နယ်တွင် ယခုနှစ် ပူပြင်းခြောက်သွေ့သောကာလ၌ သောက်သုံးရေဖူလုံစွာ ရရှိနိုင်ရန် ဘတ်ဂျက်ငွေ ကျပ် သိန်း ၁၁,ဝဝဝ ခန့် အသုံးပြုခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

    ရေရှားပါးမှု မဖြစ်စေရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပြီး ရေပေးဝေရေးအတွက် ပြည်နယ်စည်ပင်မှ ရေသယ်ယာဉ် ၁ဝ စီး ဝယ်ယူခြင်းနှင့် စက်သုံးဆီစရိတ်အပါအဝင် ရေတွင်း ရေကန်တူးဖော်ခြင်း ရေသွယ်ပိုက် ပြုလုပ်ခြင်း စသည်တို့အတွက် သုံးစွဲခဲ့ခြင်းဖြစ်သည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ဆက်လက်ပြီးတော့မှ ကျွန်တော်တို့အနေနဲ့ နောက်နောင် ရပ်ကွက်တွေထဲအထိ ရေမြောင်းတွေ ရေပိုက်တွေ သွယ်ပေးဖို့ အစီအစဉ်လည်းရှိပါတယ်။ လောလောဆယ်ကတော့ ကျွန်တော်တို့ ရွာတွေမှာ သန့်ရှင်းတဲ့ရေတွေ သောက်သုံးရေ ရရှိအောင် စီစဉ်ပေးခဲ့ပါတယ်” ဟု ပြောသည်။

    ၎င်းအပြင် ပြည်သူလူထုကို ဘေးဒုက္ခမှ ကာကွယ်ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သောကြောင့် လာမည့်မိုးရာသီတွင် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ် တားဆီးရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်နေပြီဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။

    သို့ရာတွင် သံဖြူဇရပ်မြို့မှ ဦးလင်းခိုင်က ၎င်းတို့ မြို့နယ်တွင် မတ်လမှစ၍ မိုးမရွာမချင်း ရေရှားပါးသည့်ပြဿနာကြုံနေရကြောင်း၊ သံဖြူဇရပ်ရပ်ကွက်တချို့၊ ကျိုက္ခမီနှင့် ပင တို့တွင် အများဆုံးကြုံရကြောင်း၊ JICA ချေးငွေဖြင့် လုပ်ဆောင်မည့် ဝင်းဖနုံဆည်ရေမှ မြို့ရေပေးဝေရေးလုပ်ငန်း အကောင်ထည်ဖော်လျှင် အဆင်ပြေလာနိုင်သည် ဟုဆိုသည်။

    “လက်ရှိကတော့ လုပ်လည်းလုပ်နေကြတယ်ဆိုတော့ ၂ဝ၂၂ လောက်ဆိုရင် ရေရရှိရေးအတွက်ကို ဖြစ်လာနိုင်မယ်လို့ ပြောနေကြတယ်ဆိုတော့ စောင့်ကြည့်ရုံပဲရမယ်” ဟု ဦးလင်းခိုင်က ဆက်ပြောသည်။

    မေလ ၁၄ ရက် ယနေ့တွင် မွန်ပြည်နယ်အစိုးရ၏ ၂၀၁၈-၂၀၁၉ ခုနှစ် သောက်သုံးရေရှားပါးမှုအတွက် ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက ရန်ပုံငွေ အသုံးပြုမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

    ဘတ်ဂျက်ငွေများကို မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများကို ချထားပေးရာ မော်လမြိုင်မြို့နယ် သိန်း ၉၀ ကျော်၊ ချောင်းဆုံ မြို့နယ် သိန်း ၁ဝဝဝ ခန့်၊ ကျိုက်မရောမြို့နယ် သိန်း ၄၁ဝ ကျော်၊ မုဒုံမြို့နယ် သိန်း ၅၁ဝ ကျော်၊ သံဖြူဇရပ်မြို့နယ် သိန်း ၅၁ဝ ကျော်၊ ရေးမြို့နယ် သိန်း ၁ဝဝ ကျော်၊ ကျိုက်ထိုမြို့နယ် သိန်း ၁ဝဝဝ ခန့် ၊ ဘီးလင်းမြို့နယ် သိန်း ၉၂ဝ ကျော်၊ သထုံမြို့နယ် သိန်း ၈ဝဝ ကျော် ပေါင်မြို့နယ် သိန်း ၁၄ဝဝ ကျော်နှင့် ပြည်နယ်စည်ပင်သာယာရေးအတွက် ရေသယ်ယဉ် ၁၀ စီးကို ကျပ် သိန်း ၂ဝဝဝ ခန့်၊ ကင်မွန်းချုံ အတွက် ကျပ် သိန်း ၂၆၀ ကျော်၊ ပြည်နယ်ကျေးလက် လုပ်ငန်း (၁၆) ခု သိန်း ၃၂ဝ ကျော်၊ ပြည်နယ်ဆည်/မြောင်း သိန်း ၆ဝဝ ကျော် တို့ကို သုံးစွဲခဲ့ကြောင်း ထိုဘတ်ဂျက်ငွေမှ ၆ သန်းကျော် ကျန်ရှိနေကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ စာရင်းအရ သိရသည်။


    Photo- မွန်ပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲ (မွန်ပြည်နယ်အစိုးရရုံး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks