spot_img
Thursday, May 2, 2024
More
    spot_img
    Homeသတင်းအောင်သပြေ-နှစ်ကရင်လမ်းချဲ့ရာတွင် နစ်နာသူများ တစ်ဧကကျပ်သိန်း ၈၀ လျော်ကြေးရရှိခဲ့

    အောင်သပြေ-နှစ်ကရင်လမ်းချဲ့ရာတွင် နစ်နာသူများ တစ်ဧကကျပ်သိန်း ၈၀ လျော်ကြေးရရှိခဲ့

    -

    ရွှေရိုး (လမိုင်း၊ မေ ၁၅)

    ရေးမြို့နယ် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်းကို ဆောင်ရွက်ရာ၌ လမ်းအကျယ်ပေရရှိစေရန် မလွတ်ကင်းသောခြံများနှင့် နစ်နာသူများအတွက် တစ်ဧကလျှင် ငွေကျပ်သိန်း ၈၀ လျော်ကြေးရရှိခဲ့ကြောင်း ရာဘာခြံပိုင်ရှင်များက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လျော်ကြေးငွေလက်ခံရရှိခဲ့သော ဦးညွှန့်က “လျော်ကြေးငွေတစ်ဧက သိန်း ၁၀၀ ပြောပြီးတော့ သိန်း ၂၀ ကို ပြန်လှူခိုင်းတယ်၊ ကျွန်တော်တို့ ခြံသမားကလည်း ဒီလမ်းမှာ သွားလာနေရတော့ လှူပေးလိုက်တယ်၊ ဒါပေမယ့် တစ်ဖက်မှာ အများက လှူချင်တယ်၊ တစ်ချို့က မလှူချင်ဘူးဆိုတော့ အဲဒါလည်း သိပ်သဘာဝမကျတော့ လှူခိုင်းတယ်ဆိုတော့ ကျွန်တော်တို့လည်း တစ်ဧကအတွက် သိန်း ၂၀ လှူပေးလိုက်ကြတယ်” ဟု ဆိုသည်။

    ထို့အတူ ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က လိုအပ်သည့်လမ်းအကျယ်ရရှိရန်အတွက် မလွတ်ကင်းသည့်ခြံများအား (၂၄.၂.၂၀၁၈) ရက်နေ့တွင် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးပြီး ခြံပိုင်ရှင်များထံမှလည်း သဘောတူညီမှုတစ်ရပ်ရရှိခဲ့ပါကြောင်း၊ ခြံပိုင်ရှင်များမှလည်း ကွန်ကရစ်လမ်း ဖြစ်ပေါ်လာစေရေးအတွက် တစ်ဧကလျှင် သိန်း(၂၀) ထည့်သွင်းလှူဒါန်းကြပါကြောင်း၊ ပြည်နယ်အစိုးရမှ တစ်ဧကသိန်း(၆၀)၊ ကုမ္ပဏီမှ သိန်း(၂၀)နှုန်းဖြင့် ပြည်သူ၊ အစိုးရ၊ ကုမ္ပဏီတို့ သဘောတူညီစွာဖြင့် မြေယာလျော်ကြေးပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

    အဆိုပါ လမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်သန်းက အချို့ရာဘာခြံရှင်များအနေဖြင့် လျော်ကြေးငွေအဖြစ် တစ်ဧက ကျပ်သိန်း ၂၀၀ ဖြင့်လည်းကောင်း၊ အချို့ခြံရှင်များက ရာဘာပင်တစ်ပင်လျှင် ကျပ် ၅၀၀၀၀ ဖြင့်လည်းကောင်း လျော်ကြေးငွေတောင်းဆိုခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးများနှင့် ထပ်မံညှိနှိုင်းရာ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ဖြင့် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

    ဦးကျော်သန်းက “ လမ်းက သုံးပုံတစ်ပုံပြီးသွားပီ၊ တစ်ချို့ပြောတော့ ဘတ်ဂျတ်က ကုန်နေတယ်တဲ့။ ကျွန်တော်လည်း မသိပါဘူး။ အခုလမ်းက မပြီးတဲ့အခါကျတော့ ကျန်တဲ့ခြံရှင်တွေက သူတို့သွားလာရခက်တာပေါ့၊ သိန်း ၂၀ ကို အားလုံးလှူကြတယ်။ လမ်းမပြီးတော့ ကျွန်တော်ကို လာပြောတာ ခြံရှင်တွေကို မျက်နှာပူနေရတာပေါ့” ဟု ပြောသည်။

    ယင်းလမ်းကို ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဘတ်ဂျက်ငွေ ကျပ်သန်း (၁၀၀၀) ဖြင့် ယင်းကျေးရွာချင်းဆက်လမ်းပိုင်း ၄ မိုင် ၃ ဖာလုံကို မြေသားတာဘောင်ချဲ့ခြင်းနှင့် ၁ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်းမပြုဘဲ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် (၅၄)အရ ဦးစိန်ဝမ်း၏ Bedok ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့သဖြင့် ဝေဖန်မှုများ ရှိနေသည်။

    သပြေရွာသစ်ကို အခြေပြု၍ Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီမှ အကောင်အထည်ဖော်လျက်ရှိသော လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ပြည်နယ်စက်မှုဇုံ၊ ငါးလုပ်ငန်းဇုံ၊ အထူးစီးပွားရေးဇုံ၊ အိမ်ယာစီမံကိန်းနှင့် မွန်ပြည်နယ်အစိုးရပိုင် စီမံခန့်ခွဲဇုံ စသည့်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသို့ ဆက်သွယ်ထားသော အောင်သပြေ-နှစ်ကရင်ကားလမ်းသည် သံဖြူဇရပ်-ရေးကားလမ်းမှတဆင့် အဓိကဝင်ထွက်သွားလာရာလမ်းကြောင်း ဖြစ်သည်။



    Photo- အောင်သပြေ-နှစ်ကရင်ကွန်ကရစ်လမ်းပိုင်း(MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts